စပျစ်​စိုက်​ပျိုးနည်း

စပျစ် စိုက်ပျိုးနည်း 🍇🍇🍇
============
မြေအနေအထား
-------------------
စပျစ်ပင်သည်
ဆားဓာတ်ပါသောမြေမှလွဲ၍
မည်သည့်မြေမျိုးတွင်မဆို
စိုက်ပျိုးနိုင်ပါသည်။
ထုံးခြောက်မြေ၊သဲဆန်သောမြေ၊
မြေပွတို့၌ပိုမိုကောင်းမွန်စွာ
သီးပွင့်နိုင်သည်။
စနယ်မြေစေးများတွင်မူကား
ပေါက်ပွားမှုများစွာနှေးကွေးတတ်
လေသည်။

ရာသီဥတု
-----------
အပူချိန်အများဆုံး
ဖာရင်ဟိုက်၁၁၅ဒီဂရီနှင့်
အနည်းဆုံး ၃၀ဒီဂရီထိအောင် ခံနိုင်ရည်ရှိသည်။

မိုးရေချိန်တစ်နှစ်လျှင်
၎လက်မထက်မပိုသော
မိုးရွာသွန်းခြင်းကို
ပိုမိုနှစ်သက်လေသည်။
အနည်ဆုံး၂၀လက်မမှ
၂၉လက်မထိလိုအပ်သည်။
အသက်ပြင်းသော အပင်မျိုးဖြစ်သည်။
ရေငတ်ခြင်းကိုခံနိုင်သည်။
ကြီးထွားလာသည့်အခါ     ရေနစ်ခြင်းကိုလည်းခံနိုင်သည်။

စိုက်ပျိုးရန်ဒေသ
-----------------
မြန်မာပြည်၌စိုက်ပျိုးရန်
သင့်တော်သောဒေသများမှာ
မြန်မာပြည်အလယ်ပိုင်းရှိ
အပူပိုင်းဒေသ၊
တောင်တန်းဒေသဖြစ်သည့်
ချင်းတောင်၊ရှမ်းပြည်နယ်၊
မိုးနည်းသောအရပ်ဒေသ၊
ကယားပြည်နယ်တို့ဖြစ်သည်။

ကချင်ပြည်နယ်၌
မိုးအနည်းငယ်များလွန်းသည်။
သို့သော်အချို့သောအမျိုးသည် မြေပြန့်များ၌နွေရာသီအတွင်း
သီးပွင့်နိုင်ရန်ပြုပြင်စိုက်ပျိုးနိုင်သည်။
မိုးများ၍ ပူအိုက်သောအပိုင်း၌
စိုက်ပျိုးခြင်းပြုနိုင်သော်လည်း
ရောဂါဘယများပြားတတ်ပါသည်။
အသီးလည်းညံ့ဖျင်းတတ်ပါသည်။

အမျိုးအစား
-------------
စပျစ်သည်အကြမ်းအားဖြင့်
နှစ်မျိုးနှစ်စားရှိသည်။
ပထမအမျိုးမှာလာဘရားစကားဝိုင်း
အမျိုးဖြစ်သည်။ ၎င်းအမျိုးတွင်
မျိုးငယ်များ၆၀၀-မှ၈၀၀-အထိ
ပါဝင်လေ သည်။
၎င်းအမျိုးများသည်
ပိုးမွှားရောဂါနှင့်အမြစ်ရောဂါများကို
အခံနိုင်ဆုံးအမျိုးဖြစ်သည်။
အသီး၏အဆင့်အတန်းမှာ
အချဉ်ဓာတ်အနည်းငယ်
များတတ်လေသည်။
နောက်တစ်မျိုးမှာဝဲနီးဖီးယား
အမျိုးဖြစ်သည်။
၎င်းအမျိုးတွင်လည်း
မျိုးငယ်ပေါင်း ၃၀၀-ကျော်ပါဝင်လေသည်။
၎င်းအမျိုးအစားသည်စားပွဲတင်
အမျိုးအစားဖြစ်သည်။
ရောဂါများသည်။
အမြစ်အင်အားနည်းသဖြင့်
အထူးဂရုစိုက်၍စိုက်ပျိုး   ပြုစုရန်လိုသည်။
အဆင့်အတန်းမြင့်သည်။

သက်တမ်း
------------
သက်တမ်းမှာ
လာဘရားစကားမျိုးသည်
အနှစ်၁၀၀ကျော်မျှရှင်သန်နိုင်သည်။
ဝဲနီးဖီးယားမျိုးသည်
အနှစ်၅၀မှ၇၀အထိရှင်သန်နိုင်သည်။

ပျိုးထောင်ကိုင်းဆက်စိုက်ပျိုးနည်း
-----------------------------------
စပျစ်ပင်များကိုအများအားဖြင့်
တစ်နှစ်သားကိုင်းများမှ
ပျိုးထောင်စိုက်ပျိုးလေ့ရှိသည်။
အချို့သောအမျိုးသည်
အမြစ်ရောဂါဒဏ်ကို
မခံနိုင်သည့်အတွက်
အမြစ်ရောဂါဒဏ်ခံနိုင်သော်လည်း
လာဘရားစကားမျိုးများကိ
ုမြစ်ခံပင်အဖြစ်အသုံးပြု၍
ကိုင်းဆက်စိုက်ပျိုးကြသည်။
မြေအနေအထားကိုလိုက်၍
တစ်ပင်နှင့် တစ်ပင်
 ၁၀x၁၀ကွာ သို့မဟုတ်
၈x၈ပေကွာ စိုက်ပျိုးလေ့ရှိသည်။

ပြုစုနည်း
---------
စပျစ်ပင်သည်
မြေဆွေးသြဇာအမြောက်အများ
ထည့်ပေးရန်လိုသည်။
နိုင်ငံခြား၌စပျစ်ပင်များကို
အများအားဖြင့်သစ်ရွက်ဆွေးမြေ၊
မြင်းချေးဆွေးမြေများအပြင် ဓာတ်ဆားရှစ်ဆ၊သာကူစေ့ရှစ်ဆ၊
ပေါ်တက်တစ်ဆခွဲရောစပ်၍
တစ်ဧကလျှင်   ပေါင်ချိန်၆၀၀မှ
၁၀၀၀အထိအပင်၏အခြေအနေကိ
ုလိုက်၍ ကျွေးမွေးလေ့ရှိ သည်။
အချို့သောတိုင်းပြည်များတွင်
အမဲသွေး၊ငါးအပုပ်၊အစပ်ရေ၊
မိလ္လာရေ စသည်တို့
အမြောင်အမြားအသုံးပြု၍
စိုက်ပျိုးလေ့ရှိသည်။
အိန္ဒိယပြည်တွင်
ပဲဖတ်၊နွားချေးဆွေး၊ဓာတ်မြေသြဇာ
စသည်တို့နှင့်အမျိုးမျိုးအပင် နှင့်
မျိုးအခြေအနေကိုလိုက်၍
ကျွေးမွေးလုပ်ကိုင်ကြသည်။

စိုက်ပျိုးနည်း
--------------
စိုက်ပျိုးနည်းများမှာ
(၁)ပင်ထောင်စိုက်နည်း
(၂)သံကြိုးတန်းစိုက်နည်း
(၃)စင်ခံ၍စိုက်နည်းဟူ၍
ငွေအင်အားနှင့်မြေအနေအထား
အမျိုးအမည်ကိုလိုက်၍
စပျစ်စိုက်ပျိုးလေ့ရှိပါသည်။
ဝိုင်အမျိုးကိုအများအားဖြင့်
ပင်ထောင်စိုက်နည်းဖြင့်
စိုက်ပျိုးကြပါသည်။
စားပွဲတင်မျိုးကို ကြိုးတန်းစိုက်နည်းဖြင့်
စိုက်လေ့ရှိပါသည်။
အများအပြားသုံးသော
ကြိုးတန်းစနစ်မှာ
သံကြိုးနှစ်တန်းစနစ်ဖြစ်သည်။
၎င်းစနစ်အရအနိမ့်ဆုံးကြိုးတန်းသည်
မြေပေါ်မှ၃၀လက်မကွာ၍
ဒုတိယကြိုးတန်းသည်
ပထမကြိုးတန်းထက် ၂၄လက်မ ကွာလေသည်။
၎င်းကြိုးတန်းနှစ်တန်းတွင်
အကိုင်းမ၄ကိုင်းတင်၍
၎င်းအကိုင်းခံများမှ
သီးပွင့်ရန်ကိုင်းတက်များ
ထားရှိရပါသည်။

၎င်းအကိုင်းမများသည်
အပင်စည်၏တစ်ဖက်တစ်ချက်တွင်
၎ပေ၅ပေအထိတွားသွားစေပါသည်။

ကိုင်းပြုပြင်ပေးခြင်း
---------------------
စပျစ်ပင်သည်
ကိုင်းပြုပြင်ပေးရန်အထူးလိုအပ်သောအပင်မျိုးဖြစ်သည်။
အအေးပိုင်တွင်ဆောင်းရာသီ၌
အရွက်များအနားယူ၍နေလေသည်။
အကိုင်းပြုပြင်ခြင်းကို
အအေးပိုင်းစပျစ်စိုက်ခင်းများတွင်
ဇန်န၀ါရီလကုန်ဖေဖော်ဝါရီလဆန်းတွင်
ပြုလုပ်ရပါသည်။
အပူပိုင်းစိုက်ခင်းများတွင်
စပျစ်ပင်များသည်အနားယူခြင်းမရှိပါ။ဆက်လက်၍ကြီးထွားတတ်လေသည်။နွေရာသီအခါအနည်းငယ်မျှသာ
အရွက်ချတတ်လေသည်။
ထို့ကြောင့်အချိန်ရာသီအလိုက်
သီးပွင့်နိုင်ရန်ပြုပြင်ကိုင်းဖြတ်   ပေးရန်လိုသည်။

ကိုင်းဖြတ်ရန်အချိန်မှာ
စက်တင်ဘာလ၁၄ရက်မှ
အောက်တိုဘာလ၁၅ရက်အတွင်း
ကိုင်းဖြတ်ပေးခြင်းအားဖြင့်
အသီးများသည်နွေရာသီမတ်လနှင့်
ဧပြီလများတွင်မှည့်ချိန်
ရောက်သောကြောင့်
မိုးလုံးဝကင်းသဖြင့်
အသီးများပျက်စီးခြင်း၊
အချဉ်ဓာတ်များခြင်းတို့ကို
ကာကွယ်နိုင်သည်။

သို့သော်ကိုင်းပြုပြင်ပြီးနောက်
၁၅ရက်အတွင်း
အဖူး၊အပွင့်အသီးများ
ထွက်ပေါ်လာမည်ဖြစ်သောကြောင့်
၎င်းအချိန်မှစ၍အသီးများ
ကြီးထွားသည့်အချိန်အထိ
အမြစ်များကိုရေအနည်းငယ်
၇ရက်တစ်ကြိမ်ရာသီဥတု
အခြေအနေကိုကြည့်၍
သွန်းလောင်းခြင်းအားဖြင့်
ပိုမိုအောင်မြင်သောအသီးများ
ရရှိနိုင်သည်။

အသီးများမမှည့်မီတစ်လမှ
ကြိုတင်၍
ရေလောင်းခြင်း၊ရေသွင်းခြင်း
လုံးဝမပြုလုပ်ရ။
ကိုင်းဖြတ်ပေးခြင်းဆိုသည်မှာ
စာနှင့်ရေး၍မည်သည့်အကိုင်းကို
မည်သို့ဖြတ်ရမည်ကို
တိကျစွာဖော်ပြ၍မရပါ။
ကိုင်း၏အခြေအနေ၊
အပင်ကြီး၏ကြီးထွားမှုကို ကြည့်၍လုပ်ကိုင်ဆောင်ရွက်ရသော
လုပ်ငန်းမျိုးဖြစ်ပါသည်။
အထူးကျွမ်းကျင်မှုလိုအပ်သော
အပင်မျိုးဖြစ်သည်။

သီးပွင့်ချိန်
-----------
စနစ်တကျစိုက်ပျိုးထားသော
စပျစ်ပင်သည်၃နှစ်အရွယ်မှစ၍
စတင်သီးပွင့်နိုင် သည်။
သို့သော်၆နှစ်သား ကျော်လွန်မှသာလျှင်စံချိန်မီသီးများ
ထွက်နိုင်ပါသည်။
အကြမ်းအားဖြင့်မြေရေအနေအထား၊
ပြုစုမှု၊မြေသြဇာစနစ်တကျ
ကျွေးမွေးမှု၊ကိုင်းဖြတ်မှုများ
စနစ်တကျလုပ်ကိုင်ခဲ့လျှင်
၅နှစ်ကျော်၆နှစ်သားရှိ စပျစ်စိုက်ခင်း တစ်ဧကအပင်၄၃၅ပင်မှ
စပျစ်သီးတန်ချိန်၂တန်ထိ
အနည်ဆုံးရရှိနိုင်ပါသည်။ အီတလီပြည်တွင် တန်ချိန်၅တန်အထိရရှိသည်ကို
တွေ့ရှိရပါသည်။

ပိုးမွှားရောဂါ
--------------
အများအားဖြင့်
ပင့်ကူနီရွက်စားပိုး၊
မှိုရောဂါများဖြစ်ပေါ်ခြင်းများ
တွေ့ရှိရပါသည်။
သို့သော်၎င်းရောဂါဒဏ်များကို
ခံနိုင်သည်။သေကျေပျက်စီး
လောက်အောင်ယခုထိမတွေ့ရှိရပါ။

ကာကွယ်ရန်
--------------
ကန့်မှုန့်ပက်ဖျန်းခြင်း
သို့မဟုတ်ဒုတ္ထာနှင့်ထုံး၅ဆစီကို
ရေအဆ၅၀
ရောစပ်၍ ပက်ဖျန်းပေးခြင်းအားဖြင့်
ကာကွယ်နိုင်သည်။

#စိုက်ပျိုးနည်းပညာ_သီးနှံ
#Pissaya_Info
Source by - မင်းသော်တာ
(ဥယျာဉ်ခြံမြေစိုက်ပျိုးနည်းပဒေသာ)

မူရင်းအတိုင်း ပြန်လည်မျှဝေ
ပေးလိုက်ပါသည်။

စပျစ်အကြောင်း အမေး+အဖြေ
🍇🍇🍇🍇🍇🍇
အမေး~မြေအမျိုးစား
ဖြေ~ကြပ်တည်းမြေ
ဆပ်ပြာပေါက်သောမြေနှင့် သဲမှ လွဲ၍
စနယ်မြေ နုံးသဲမြေစသော
မြေကောင်းများစွာ၌ စိုက်ပျိုးနိုင်သည်။

အမေး~ရေအမျိုးစား
ဖြေ~ရေချိုဖြစ်ရမည် ရေပေါရမည်
ရေတွင်းရှိရမည် မြောင်း/ဆည်/မြစ်
ရေများ အသုံးပြုနိုင်သည်။

အမေး~ရာသီဥတုနှင့်ဒေသ
အဖြေ~ပူ..နွေးသော ရာသီဥတုကို
ကြိုက်ပါသည် မိုးအလွန်များသော
အရပ်ဒေသ နှင်းခါးကျသောအရပ်ဒေသ
များ မစိုက်ပျိုးသင့်ပါ၊
ရောဂါအကျများသည် ပျက်စီးနိုင်သည်၊
ဒါပေမဲ့~မိုးဒဏ်လေဒဏ် နှင်းဒဏ်ရောဂါဒဏ်များကို ကာကွယ်နိုင်မယ်၊
အမိုး မိုးပေးနိုင် ဆေးကောင်းသုံးနိုင်
နည်းပညာများ ကျွမ်းကျင်မယ်ဆို
ဘယ်ဒေသဖြစ်ဖြစ် စိုက်နိုင်ပါသည်။

အမေး~၁ဧက ကုန်ကျစရိတ်
အဖြေ~သိန်း၂၀မှသိန်း၃၀ ထိ
ကုန်ကျနိုင်သည် ပစ္စည်းသုံးစွဲမှုနှင့်
ဈေးနှုံးပေါ်မှာလဲ မူတည်သည်၊
ခြံစိုက်ပြီး နောက်နှစ်များမှာတော့
ဆေးဖိုးဆီဖိုးအလုပ်သမားခများသာ
ကုန်ကျမည်ဖြစ်၍ ၁၀သိန်းခန့်ကုန်မည်။

အမေး~၁ဧက အပင်ဘယ်လောက်စိုက်
အဖြေ~အပင် ၈၀၀ခန့်
တန်းစိုက်စနစ်ဆို၁၅၀၀ စိုက်နိုင်ပါသည်။

အမေး~အပင် အကွာအဝေး
အဖြေ~၅တောင်ပါတ်လည်
၅တောင်မိုက်လျော့ အသုံးများသည်၊
မိမိစိတ်ကြိုက် စိုက်နိုင်သည်။

အမေး~၁ဧက ၁နှစ်ဝင်ငွေ
အဖြေ~သိန်း၅၀မှသိန်း၁၀၀ထိ
ရနိုင်သည်၊
ကုန်ဈေးနှုံးနှင့်အသီးအမျိုးစားပေါ်လဲ
မူတည်သည်။

အမေး~စပျစ်က နှစ်ရှည်ပင်လား?
အဖြေ~ဟုတ်ပါတယ် နှစ်ရှည်ပင်ပါ၊
နှစ်ပေါင်း၃၀ထိ စားသုံးနိုင်သည်၊
တစ်ချို့လဲ ၁၅/၂၀နှစ်ထိပဲ အသုံးပြုသည်၊
အပင်ရဲ့လုပ်ဆောင်ချက်ပေါ်
တွက်ချက်ပြီး အပင်သစ်ပြန်စိုက်ကြသည်။

အမေး~စပျစ်က ဘယ်လမှာစိုက်လဲ?
အဖြေ~နိုဝင်ဘာဒီဇင်ဘာ
ဇန်နဝါရီလများမှာ အလျဉ်းသင့်သလို
စိုက်ကြသည်၊
တစ်ဦးနှင့်တစ်ဦးတော့ မတူကြပါ။

အမေး~ပျိုးပင် ဈေးနှုန်း
အဖြေ~တစ်ပင်ကို ၁၀၀ကျပ်၂၀၀ကျပ်၊
မျိုးနှင့် ပျိုးပင်ရှားပါးမှုပေါ်မူတည်၍
၁၀၀၀ကျပ်ထိလဲ ရှိနိုင်သည်။

အမေး~ဘယ်အချိန် ဘယ်ဒေသမှာ
             ပျိုးပင် ဝယ်လို့ရနိုင်လဲ?
အဖြေ~အောက်တိုဘာ နိုဝင်ဘာ
ဒီဇင်ဘာလများမှာ ရမည်းသင်းမြို့ရဲ့
အနောက်ဘက် ၈မိုင်ခန့်မှာရှိတဲ့
ရွာတန်းတိုက်နယ်မှာ ဝယ်လို့ရပါသည်။

အမေး~ဘယ်အချိန် စပြီးသီးလဲ?
အဖြေ~မြေချစိုက် ၁နှစ်ဆို သီးပါပြီ၊
သဘာဝသီးနဲ့ဆို ၂သီး သီးခိုင်းလို့
ရသည်။

အမေး~၁နှစ် ဘယ်နှစ်ခါ သီးလဲ?
ပုံမှန်အားဖြင့် ၄လတစ်ကြိမ်ဆိုတော့
၃သီး သီးခိုင်းလို့ရသည်၊
တစ်ချို့လဲ အပင်ရဲ့လုပ်ဆောင်ချက်ကို
ကြည့်ပြီး ၂သီးပဲ စားကြသည်။

အမေး~စပျစ်ရဲ့ ထူးခြားချက်ကဘာလဲ?
အဖြေ~ကိုင်းဖြတ်ပေးမှ သီးသည်၊
ကိုင်းမဖြတ်ရင် အသီးမသီးပါ၊
မိမိစိတ်တိုင်ကျ အသီးပေါ်စေချင်တဲ့
လမှာ သီးခိုင်းလို့ရပါသည်၊
ဒါကြောင့် ၁နှစ်ပတ်လုံး ရာသီမရွေး
စပျစ်သီး ရှိနေသည်..။

အမေး~၁ဧက အသီးထွက်နှုန်း
အဖြေ~စပျစ်တစ်ပင်မှာ ၅ပိဿာမှ
၁၀ပိဿာထိ သီးပါသည်၊
အပြုစုနှင့်နည်းပညာ ကျွမ်းရင်
ကျွမ်းသလို အထွက်နှုံးပိုသည်၊
၁ဧက အပင်၈၀၀ ဆိုတော့
၅နဲ့ပဲမြှောက်ကြည့် ၁ဧကကို
ပိဿာ ၄၀၀၀ ထောင် ထွက်သည်။

စပျစ်စိုက်ရာမှာ အဓိကလိုအပ်ချက်
ကုန်ကျစရိတ် နည်းပညာကျွမ်းကျင်မှု
ဝါသနာနှင့်စိတ်ဝင်စားမှု
အမြဲမပြတ် အကဲခတ်ကာ
ကြိုးစားအားထုတ်ဖို့ လိုပါတယ်
ဒါမှ အောင်မြင်မှာပါ..။

မြန်မာပြည်သူအားလုံး~
ကျမ္မာချမ်းသာ
ကြီးပွားတိုးတက်ကြပါစေ
မေတ္တာဖြင့်~
အရှင်အာစိဏ္ဏ ရွှေသဲကျွန်း
3.6.2016{3:00PM}
စပျစ် စိုက်ပျိုးရေးနှင့်
ရောင်းဝယ်ရေးအဖွဲ့
ရွာတန်း ရမည်းသင်း
ဂရုထဲမှာလည်း ဝင်ရောက်လေ့လာနိုင်ပါသည်

အရှင်အာစိဏ္ဏ ရွှေသဲကျွန်း
17.2.2017(1:23PM)

















Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

ရောင်စုံအလှများနဲ့ သစ္စာပန်း နှင့် စိုက်ပျိုးနည်း