ပေါင်းသတ်ဆေးအကြောင်းသိကောင်းစရာ

ပေါင်းသတ်ဆေးအကြောင်းသိကောင်းစရာ

🤔 မေး။ ။ ပေါင်းသတ်ဆေးတွေ သုံးစွဲလို့ စိုက်ပျိုးမြေတွေ ပျက်စီးလာနေတယ် ဆိုတာဟုတ်ပါသလား။

✅ ဖြေ။ ။ကျွန်တော်တို့နိုင်ငံမှာလည်းပေါင်းသတ်ဆေးတွေ မဆင်မခြင်သုံးစွဲလို့ သီးနှံစိုက်ပျိုးမြေတွေ ပျက်စီးတယ် ဆိုတာ လယ်သမားတချို့ တောင်သိရှိနေကြပါပြီ။ သေချာတဲ့တွေ့ရှိချက်တစ်ခုပြောပါမယ်။

 နိုင်ဂျီးရီးယားနိုင်ငံ၊ Ganye မြို့၊ Adamawa ပြည်နယ်စိုက်ပျိုးရေးကောလိပ်က ပညာရှင်အချို့က (၂၀၁၂) ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့တဲ့ အဖြေကပေါင်းသတ်ဆေးသုံးစွဲခြင်းကြောင့်

လေ့လာဆန်းစစ်ခဲ့တဲ့ စိုက်ပျိုးမြေဧရိယာရဲ့-
- ၆၃% မှာ အဏုဇီဝသက်ရှိတွေပါဝင်မှုလျှော့နည်းလာတယ်။
- ၈၂% ဟာ မြေညံ့တွေဖြစ်လာတယ်။
- ၈၀% ဟာ မြေအစိုဓါတ်ထိန်းနိုင်စွမ်းအားကျလာတယ်။
- ၈၅% မှာ မြေဆွေးဓါတ်လို့ခေါ်တဲ့ Organic matter ပါဝင်မှု လျှော့နည်းလာတယ်။

🤔  မေး။ ။ ပေါင်းသတ်ဆေးက သဘာဝပါတ်ဝန်းကျင်ကိုရော ဘယ်လို ဆိုးကျိုးသက်ရောက်မှုရှိ ပါသလဲ။

✅ ဖြေ။ ။ အထက်ကပြောခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံ Adamawa ပြည်နယ် စိုက်ပျိုးကေါလိပ်က ပညာရှင်တွေ တွေ့ရှိခဲ့ တာက ပေါင်းသတ်ဆေးသုံးစွဲခြင်းကြောင့်-
- လူ၊ တိရစ္ဆာန်နဲ့ ငါးတွေ အဆိပ်သင့်မှုက ၉၈% ရှိတယ်။
- မြစ်ချောင်းနဲ့ မြေအောက်ရေမှာ ပေါင်းသတ်ဆေး အဆိပ်သင့်ခြင်းက ၅၆% ရှိတယ်။
- သစ်ပင်၊ ခြုံပင်တွေ လျော့နည်းတာကြောင့် ငှက်တွေလျော့နည်းသွားတာက ၈၃ % ရှိတယ်။

🤔 မေး။               ။လူနဲ့ပတ်ဝန်းကျင်ကို ဘယ်လိုဆိုးကျိုးပေးတာလဲ။

✅ ဖြေ။    ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၄ ခုနှစ်မှာထုတ်ပြန်ခဲ့တာက - ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေမှာသုံးတဲ့ ကလိုရိုဖီနော (Chlorophenols) တွေက ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေ၊ လူတွေ၊ အပင်တွေရဲ့ ဗီဇကိုပြောင်းလဲစေနိုင်တဲ့ ပစ္စည်းတွေလို့ ကြေငြာခဲ့တယ်။ မြန်မာနိုင်ငံမှာ ပင်တာကလိုရိုဖီနော(Pentachlorophenol) ပိုးသတ်ဆေးသုံးစွဲခြင်းကို တားမြစ်ထားပါတယ်။ ဒါပေမယ့် ဆိုင်တော်တော်များများမှာ ဆက်ရောင်းနေတာကိုလည်းတွေ့ရတယ်။

အခုမြန်မာနိုင်ငံမှာ အဓိကသုံးနေတဲ့ Glyphosate ပေါင်းသတ်ဆေးနဲ့ တွဲသုံးတဲ့ ကပ်ဆေး polyethoxylated tallowamine ( POEA ) ဆိုတာရှိတယ်။ ဒီ POEA က glyphosate ကို အရွက်တွေပေါ်မှာ တွယ်ကပ်စေပြီး အရွက်ရဲ့ ဖယောင်းလွှာကို ဖေါက်ထွင်း ဝင်ရောက်နိုင်အောင် လုပ်ပေးတယ်။

ဒီ POEA က ကလေးအသေမွေးတာတွေ၊ လမစေ့ဘဲကလေးမွေးတာတွေ၊ သန္ဓေသားလောင်းရဲ့ ဖြစ်ထွန်းမှုပုံမမှန်တာတွေ၊ မွေးလာတဲ့ကလေး ပေါင်မပြည့်တွေ ဖြစ်စေတာ တွေ့ရှိခဲ့ကြတယ်။ glyphosate ပေါင်းသတ်ဆေး ကို လယ်ယာကဏ္ဍမှာ သုံးနေကျနှုန်းထားထက် လျော့နည်းသုံးစွဲတာတောင် လူတွေအတွက် အဆိပ်ဖြစ်စေတာတွေ့ခဲ့ကြတယ်။

ဒါအပြင် ပဲပုပ်၊ အယ်ဖါဖါ၊ ပြောင်ဖူး၊ မြက်ခင်းနဲ့ ဥယျဉ်ခြံပင်တွေမှာ ဓါတ်ကြွင်းအဖြစ်ကျန်ရှိနေတဲ့ glyphosate ဟာ လူတွေကို အဆိပ်သင့်စေပါတယ်။ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

မုန်လာဥနီ၊ ဆလပ်ရွက်တွေမှာ သူ့ရဲ့ ဓါတ်ကြွင်းတွေ ဆက်လက်ပါရှိနေတာကိုလည်း တွေ့ရှိရတယ်။ 

Atrazine ပေါင်းသတ်ဆေးဟာ သူချည်းဆိုရင် အန္တရာယ်သိပ်မရှိပေမဲ့ ကပ်ဆေး (inert material) နဲ့တွဲလိုက်တဲ့အခါ လူတွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ DNA ဗီဇပြောင်းလဲမှုတွေဖြစ်စေတယ်။

🤔 မေး။ ။ ပေါင်းသတ်ဆေးတွေက ဘာကြောင့် ဒီလောက်အထိ ဘေးအန္တရာယ် ရှိတာပါလဲ။

✅ ဖြေ။               ။ပေါင်းသတ်ဆေးတွေဟာ မြေနဲ့ရေမှာ အကြာကြီးတည်ရှိနေနိုင်လို့ပါ။

🤔 မေး။               ။ဘယ်လောက်တောင် အကြာကြီးတည်ရှိနေတာလဲ။

✅ ဖြေ။ ။ ပေါင်းသတ်ဆေးတွေက မြေနဲ့ရေမှာ တည်ရှိနိုင်မှုက သိပ်ကိုကြာတာပေါ့ဗျာ။

ပေါင်းသတ်ဆေးတစ်ခုမှာ Half Life ဆိုတဲ့ (ပမာဏထက်ဝက်လျော့ကာလ) ဆိုတာရှိတယ်။

ဥပမာ Half Life (ပမာဏထက်ဝက်လျော့ကာလ) (၆၀) ရက်ရှိတဲ့ ပေါင်းသတ်ဆေးဆိုပါတော့ - ရက် (၆၀) ရှိတိုင်း မူလရှိရင်း ပမာဏရဲ့ ထက်ဝက်ဟာ သဘာဝအတိုင်း လျော့နည်းသွားတယ်လို့ ဆိုလိုတယ်။

Half Life (ပမာဏထက်ဝက်လျော့ကာလ) ရက် (၆၀) ရှိတဲ့ ပေါင်းသတ်ဆေးက မြေနဲ့ရေမှာလူအတွက် အန္တရာယ်နည်းတဲ့ ပမာဏ ဖြစ်တဲ့ အပုံ(၁) သန်းပုံ (၁) ပုံ (1PPM) ရောက်အောင်ဆိုရင် (၄) နှစ်ကျော်ကြာတယ်။

Sulfonylurea ပေါင်းသတ်ဆေးဆိုရင် မြေမှာရက်(၁၀၀)ကျော်ထိ ရှိနေနိုင်တယ်။

Glyphosate ဆိုရင် မြေအခြေအနေနဲ့ ရာသီဥတုအပေါ်မူတည်ပြီး မြေမှာ (၆)လအထိ ရှိနေနိုင်တယ်။

အဲ့ဒါကြောင့် ပေါင်းသတ်ဆေးတွေရဲ့ အန္တရာယ်ဟာ မြေနဲ့ရေမှာ ဘယ်လောက်ကြာအောင်ရှိနေမယ်ဆိုတာ စဉ်းစားသာ ကြည့်ပေတော့ဗျာ။

🤔 မေး။ ။ ပေါင်းသတ်ဆေးတွေက မြေနဲ့ရေမှာသဘာဝအတိုင်း ဘာဖြစ်လို့ ကြာကြာတည်ရှိတာလဲ။

✅ ဖြေ။ ။ ပေါင်းသတ်ဆေးတွေရဲ့ ဓါတုဖွဲ့စည်းမှုက သိပ်ကို ခိုင်မြဲလွန်းတဲ့အတွက် သဘာဝအတိုင်း ပြိုကွဲဖို့မလွယ် တာကြောင့် မြေနဲ့ရေမှာ ကြာကြာရှိနေနိုင်တာ။

🤔 မေး။ ။ဒါဆိုရင် မြေနဲ့ရေမှာရှိတဲ့ အန္တရာယ်ကြီးလှတဲ့ ပေါင်းသတ်ဆေးအကြွင်းအကျန်တွေကို ဘယ်လိုချေဖျက် နိုင်မလဲ။ သဘာဝအတိုင်း ချေဖျက်တာတွေ ရှိပါသလား။ ဓါတုနည်းတွေနဲ့ ချေဖျက်လို့ ရပါသလား။

✅ ဖြေ။               ။ သဘာဝအတိုင်း မိုးရေနဲ့ဆေးချခြင်း(leaching) တော့ရှိနိုင်ပါတယ်။ဒါပေမဲ့ ပမာဏ အလွန်နည်းပါတယ်။ မြေမှာရှိတဲ့ ပေါင်းသတ်ဆေးတွေ အငွေ့ပျံခြင်းလည်း ရှိနိုင်ပါတယ်။ ဒါလည်း အငွေ့ပျံတဲ့ ပစ္စည်းမှ ဖြစ်နိုင်တာပါ။ အငွေ့ပျံနိုင်တဲ့ ပေါင်းသတ်ဆေးက ရှားပါတယ်။

မြေမှာရှိတဲ့ ပေါင်းသတ်ဆေးဓါတ်ကြွင်းတွေကို adsorption, ion exchange, Liquid-Liquid extraction, chemical oxidation, advanced oxidation process စတဲ့ ဓါတုနည်းတွေနဲ့ ချေဖျက်ကြည့်ကြတယ်။

ပေါင်းသတ်ဆေးဓါတ်ကြွင်းတွေကိုချေဖျက်လို့ရပေမဲ့ ကုန်ကျစားရိတ်များလွန်းပြီး အန္တရာယ်ရှိတဲ့ ဘေးထွက်ပစ္စည်းတွေ ထွက်လာတာကြောင့် မသုံးကြဘူး။

🤔 မေး။ ။ ဒါဆိုရင်ဗျာ ပါတ်ဝန်းကျင်ကို တစုံတရာ မထိခိုက်စေဘဲ မြေမှာရှိတဲ့ ဆေးအကြွင်းအကျန်တွေကို ချေဖျက်နိုင်တဲ့ နည်းလမ်းရှိပါသလား။

✅ ဖြေ။ ။ ရှိပါတယ်။ ဇီဝနည်းဖြင့်ချေဖျက်ခြင်း (Biodegradation) နည်းလမ်းပါ။

အပင်တွေရဲ့ အမြစ်ဇုံမှာ မှီခိုမှုမရှိဘဲ လွတ်လွတ်လပ်လပ်နေလေ့ရှိတဲ့ (Free Living Phizo Bacteria) ဘက်တီးရီးယား ဆူဒိုမိုးနတ် ဖလူရိုရင်းဆင့် (Preudomonas Fluorescens) ဆိုတာရှိတယ်။ အဲ့ဒီဘက်တီးရီးယားကို မွေးမြူပြီး မြေမှာထည့်မယ်ဆိုရင် ကုန်ကျစားရိတ်နည်း၊ ပါတ်ဝန်းကျင်ကိုလည်းမထိခိုက်၊ ထိရောက်မှုလည်းရှိတဲ့ ပေါင်းသတ်ဆေး ခြေဖျက်နည်းဖြစ်ပါတယ်။

🤔 မေး။ ။ သိပ်ကောင်းပါတယ်။ ကျေးဇူးပြုပြီး အသေးစိတ်လေးပြောပြပါလား။

✅ ဖြေ၊။နိုင်ဂျီးရီးယားနိုင်ငံ Nsukka Enugu ပြည်နယ်၊ နိုင်ဂျီးရီးယားတက္ကသိုလ်၊ အဏုဇီဝဗေဒဌာန (Department of Microbiology) က ဆေးပညာရှင်တွေကျယ်ကျယ်ပြန့်ပြန့်လေ့လာတွေ့ရှိချက်တွေကို အကျဉ်းချုံးပြီးပြောပါမယ်။

ပေါင်းသတ်ဆေးတွေမှာ ghyphosate ဂလိုင်ဖိုဆိတ်ဆိုတဲ့ ပေါင်းသတ်ဆေးရှိပါတယ်။ အစိမ်းရောင်ရှိတဲ့ ဘယ်လို အပင်မျိုးကိုမဆို သေစေနိုင်တဲ့ ပေါင်းသတ်ဆေးပါ။ (2,4 D ) ပေါင်းသတ်ဆေး၊ RoundupR ပေါင်းသတ်ဆေးတွေမှာပါတဲ့ အမျိုးအစားဖြစ်ပါတယ်။

ဒီပေါင်းသတ်ဆေးမှာ ကပ်ဆေးအဖြစ်သုံးတဲ့ Polyoxyethylenc amin (POEA) က glyphosate ထက်ပိုပြီး လူကိုအဆိပ်ဖြစ်စေတယ်။ ဂလိုင်ဖိုဆိတ် (glyphosate) ပေါင်းသတ်ဆေးရဲ့ half life (ပမာဏထက်ဝက်လျော့ကျ နိုင်သောကာလ) က ၄၇ ရက်ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားတက္ကသိုလ်၊ အဏုဇီဝဗေဒဌာနက ပညာရှင်တွေက glyphosate ပါတဲ့ RoundupR ပေါင်းသတ်ဆေးကို နှစ်ရှည်လများ သုံးစွဲခဲ့တဲ့ ပြည်နယ်(၄)ခုက စပါးစိုက်မြေနမူနာတွေကိုယူ ပြီးဘက်တီးရီးယားတွေ မွေးကြည့်တယ်

ဒီပေါင်းသတ်ဆေးဓာတ်ကြွင်းရှိတဲ့မြေမှာ ရှင်သန်နိုင်တဲ့ဘက်တီးရီးယား (၅) မျိုးတွေ့ရတယ်။

ဒီဘက်တီးရီးယား (၅)မျိုးမှာ အေဆီတိုဘက်တာအုပ်စု (Acetobacter spp) နဲ့ ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် (Pseudomonas Fluorescens) နှစ်မျိုးက ဂလိုင်ဖိုဆိတ်ပေါင်းသတ်ဆေးကိုပိုပြီး ချေဖျက်နိုင်တာတွေ့ကြလို့ ဆက်ပြီးလေ့ လာကြတယ်။

ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် (Pseudomonas Fluorescens) ဘက်တီးရီးယားက ဂလိုင်ဖိုဆိတ်ပေါင်းသတ်ဆေးရဲ့ ကာဘွန်ရင်းမြစ်နဲ့ ဖေါ့စဖိတ်ရင်းမြစ် (၂)မျိုးလုံး သုံးစွဲတာကြောင့် ကာဘွန်ရင်းမြစ်အဖြစ် တစ်မျိုးဘဲသုံးနိုင်တဲ့ အေဆီတို ဘက်တာအုပ်စု (Acetobacter spp)ထက် ဂလိုင်ဖိုဆိတ်ပေါင်းသတ်ဆေးကို ပိုမိုချေဖျက်ပြိုကွဲစေတာ တွေ့ခဲ့ကြတယ်။

🤔 မေး။ ။ ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် (Pseudomonas Fluorescens) ဘက်တီးရီးယားက အခြားပေါင်းသတ်ဆေး တွေကို ချေဖျက်ပြိုကွဲစေတာတွေရှိရင် ပြောပြပေးပါ။

✅ ဖြေ။ ။ (၂၀၀၉) ခုနှစ်မှာ တရုတ်ပြည်၊ Nanjing စိုက်ပျိုးရေးတက္ကသိုလ်၊ အဏုဇီဝဗေဒ အင်ဂျင်နီယာဌာနက ပညာရှင်တွေ လေ့လာတွေ့ရှိခဲ့တာရှိတယ်။

Sulfonylurea ဆာဖိုနိုင်း ယူရီးယားဆိုတဲ့ ပေါင်းသတ်ဆေးဟာ ဂျုံ၊ စပါး၊ ပဲပုပ်၊ ဘာလီ၊ ဝါ၊ အာလူး၊ ပြောင်းဖူး စတဲ့ သီနှံတွေကျတဲ့ ပေါင်းပင်တွေ နှိမ်နှင်းရာမှာ သုံးကြတယ်။ ဒီပေါင်းသတ်ဆေးဟာ မြေမှာကြာရှည်စွာ (ရက် ၁၀၀ ကျော်အောင်) နေနိုင်တာကြောင့် စိုးရိမ်လာကြတယ်။

(၂၀၀၂) ခုနှစ်မှာ Zanardini ဆိုသူနဲ့ အဖွဲ့ဟာ ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် (Pseudomonas Fluorescens) ဘက်တီးရီးယားက Sulfonylurea ပေါင်းသတ်ဆေး (၁၀၀ mg/l) ရဲ့ ၂၁% ကို ရက်သတ္တ(၂)ပါတ်အတွင်း ဖြိုခွဲနိုင်တာ     တွေ့ခဲ့တယ်။

ဒီတွေ့ရှိချက်ကို အခြေခံပြီး တရုတ်ပညာရှင်တွေက ဆာလ်ဖိုနိုင်းယူရီးယား (Sulfonylurea) ပေါင်းသတ်ဆေးကို (၅)နှစ်ကျော်လောက် သုံးလာခဲ့တဲ့ သီးနှံစိုက်ခင်းတွေက မြေတွေကို နမူနာယူပြီး ဘက်တီးရီးယားတွေကိုမွေးတယ်။

ဒီဘက်တီးရီးယားတွေကို အဟာရဖျော်ရည်(၁)လီတာမှာ ဆာလ်ဖိုနိုင်းယူရီးယားပေါင်းသတ်ဆေး ၅၀၀ မီလီဂရမ် ပါတဲ့ အဟာရပြင်မှာမွေးပြီး ဒီပေါင်းသတ်ဆေးချေဖျက်ပြိုကွဲစေနိုင်မှုကို လေ့လာခဲ့ကြတယ်။

ဘက်တီးရီးယားအမျိုးပေါင်းများစွာအနက် ဆူဒိုမိုးနတ်ဘက်တီးရီးယားအုပ်စု (Pseudomonas spp LW3) က ဆာလ်ဖိုနိုင်းယူရီးယားပေါင်းသတ်ဆေးရဲ့ ၈၁% ကို (၇)ရက်အတွင်း ချေဖျက်ပြိုကွဲနိုင်တာတွေ့ခဲ့ကြတယ်။

ဒါ့အပြင် ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် (Pseudomonas Fluorescens) ဘက်တီးရီးယားဟာ ပြင်းအား ၅၀၀ mg/l ရှိတဲ့ 2,4-D ပေါင်းသတ်ဆေးကို ၉၉%၊ ပြင်းအား ၁၅၀ mg/l ရှိတဲ့ D-DT ပိုးသတ်ဆေးကို ၅၅% မှ ၉၉% အထိချေဖျက်နိုင်တာကို တွေ့ခဲ့ကြတယ်။

(၂၀၁၄) ခုနှစ်မှာ Licensed Bio Med Central Ltd အဖွဲ့အစည်းက Arora နဲ့ Bae ဆိုသူတို့က ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် (Pseudomonas Fluorescens) ဘက်တီးရီးယားဟာ ကလိုရှိဖီနော် (Chlorophenol) ဓါတ်ပေါင်းအမျိုးမျိုးကို ဖြိုခွဲနိုင်ကြောင်းတွေ့ရှိခဲ့တယ်။

အဲ့ဒီ ကလိုရှိဖီနောဓါတ်ပေါင်းအမျိုးမျိုးကို ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မွှားသတ်ဆေး၊ ရေညှိသတ်ဆေး၊ ပရိဘောဂ လုပ်ငန်း၊ ဆိုးဆေးများ၊ ဆေးဝါးများထုတ်လုပ်ရာမှာသုံးခဲ့ကြတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကလိုရိုဖီနောဓါတ်ပေါင်းတွေဟာ လူနဲ့သွေးနွေးသတ္တဝါတွေကို ကင်ဆာရောဂါ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အရေးကြီးတဲ့တွေ့ရှိချက်တစ်ခုက ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် (Pseudomonas Fluorecens) ဘက်တီးရီးယားရဲ့Free Living cell တွေဟာ အင်ဒိုဆာလ်ဖန် ပိုးသတ်ဆေး (Endosulfan) ပြင်းအား ၃၅၀ ug/l ကို (၁၂)ရက်အတွင်း ဖြိုခွဲနိုင် ပြီး ၊Ca- alginate immobilised cell တွေကတော့ ပြင်းအားတူ ၃၅၀ ug/l ကို (၆)ရက်နဲ့ချေဖျက်နိုင်တာဖြစ်ပါတယ်။

🤔 မေး။ ။ ဆူဒိုမိုးနတ် ဖလူရိုရင်းဆင့် ဘက်တီးရီးယားဟာ မြေမှာဓါတ်ကြွင်းအဖြစ်ကျန်ရှိနေတဲ့ပေါင်းသတ်ဆေးတွေ၊ ပိုးသတ်ဆေးတွေကို ပြိုကွဲချေဖျက်နိုင်တာကိုတော့ သေသေချာချာ သိရပါပြီ။
 မေးစရာရှိတာက ဒီဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် ဘက်တီးရီးယားကို ဘယ်မှာဝယ်လို့ရမလဲ။

✅ ဖြေ။ ။ မြန်မာနိုင်ငံအတွင်းမှာဖြန့်ဖြူးနေတဲ့ ပျံလွှားဇီဝမှိုသတ်ဆေး(၁)မှာ ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် ဘက်တီးရီးယား( Pseudomonas fluorescens) ပါရှိပါတယ်။

🤔 မေး။  ။ ဒါဆိုရင် မြေမှာ ဓါတ်ကြွင်းအဖြစ်ရှိနေတဲ့ ပေါင်းသတ်ဆေးတွေ၊ ပိုးသတ်ဆေးတွေကို ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့်(Pseudomonas fluorescens) ဘက်တီးရီးယား ပါတဲ့ ပျံလွှား ဇီဝမှိုသတ်ဆေး(၁) နဲ့ ဘယ်လိုချေဖျက်ရမှာပါလဲ။

✅ ဖြေ။              ။ မြေ(၁)ဧကအတွက်၊ မြေဆွေး (သို့မဟုတ်) ဘိုအိုစူပရင်းဇီဝသဘာဝမြေသြဇာ ၄၀၀ ကီလိုဂရမ်( ၅၀ ကီလိုဂရမ်အိတ်၈အိတ်)ကို ပျံလွှားဇီဝမှိုသတ်ဆေး(၁) - တစ်လီတာဗူး(၁)ဗူးနဲ့ ကေါင်းစွာသမသွားအောင် ရောမွှေလျှက် မြေထယ်ထိုးထွန်မွှေပြီး နောက်ဆုံးထွန်ရေးမှာထည့်ပေးရမှာဖြစ်ပါတယ်။

🤔 မေး။             ။အသုံးပြုထားတဲ့ဆေးက ဘာကြောင့် ပျံလွှားဇီဝမှိုသတ်ဆေး(၁)လို့ ခေါ်တာပါလဲ။

✅ ဖြေ။             ။ သီးနှံပင်တွေမှာကျတတ်တဲ့ မြေဆောင်မှိုရောဂါတွေကို ဓာတုနည်းနဲ့မဟုတ်ဘဲ သက်ရှိဇီဝဘက်တီးရီးယားနဲ့ ကါကွယ်နှိမ်နှင်းနိုင်လို့ ပျံလွှားဇီဝမှိုသတ်ဆေး(၁)လို့ ခေါ်တာပါ။ စပါး၊ ပြောင်းဖူး၊ ပဲမျိုးစုံ၊ နှစ်ရှည်သီးပင်၊ ဆီထွက်သီးနှံများ၊ ကြံ၊ ဆေးရွက်ကြီး၊ မြက်ခင်းတွေမှာ ကျတတ်တဲ့ ပင်ညှိုးရောဂါတွေ၊ ခါးရိရောဂါတွေ၊ မြစ်ပုပ်ရောဂါတွေ၊ ရွက်ပြောက်ရောဂါတွေ၊ ရွက်ခြောက်ရောဂါတွေကို ကါကွယ်နှိမ်နှင်းနိုင်တဲ့ဆေး လည်းဖြစ်ပါတယ်။

ဒါကြောင့် ပျံလွှားဇီဝမှိုသတ်ဆေး(၁)က မြေမှာ ဓါတ်ကြွင်းအဖြစ် ရှိနေတဲ့ ပေါင်းသတ်ဆေးတွေ၊ ပိုးသတ်ဆေးတွေကို ချေဖျက်နိုင်တာအပြင် အပင်တွေမှာ ကျတတ်တဲ့ မှိုရောဂါတွေကိုပါ ကါကွယ်ကုသ ပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။

🤔 မေး။              ။ ဒါဆိုရင် ပေါင်းသတ်ဆေးတွေကို မသုံးရတော့ဘူလားဗျာ ၊ သုးံဖို့လိုရင် ဘယ်လိုသုံးစွဲရမှာပါလဲ။

✅ ဖြေ။            ။ သီးနှံ့စိုက်ပျိုးရေးတွေမှာ ပေါင်းသတ်ဆေးသုံးဖို့ လိုအပ်လာရင် သုံးစွဲရမှာပါ။ ဒါပေမယ့် အောက်ပါနည်းလမ်းများနဲ့ စနစ်တကျ သုံးစွဲဖို့ လိုအပ်ပါမယ်။

(က) ပေါင်းသတ်ဆေးရွေးချယ်ရာမှာ မိမိ စိုက်ထားတဲ့ သီးနှံ ၊ ကျရောက်နေတဲ့ ပေါင်းအမျိုးအစားများနဲ့ အသင့်တော်ဆုံး ပေါင်းသတ်ဆေးအမျိုးအစားကို ရွေးချယ်ပါ။ ပြိုကွဲ ဖို့အလွယ်ကူဆုံး ပေါင်းသတ်ဆေး ဖြစ်ရပါမယ်။

(ခ) Half Life လို့ခေါ်တဲ့ (ပမာဏထက်ဝက်လျော့ကျနိုင်သောကါလ) အတိုဆုံး ပေါင်းသတ်ဆေးကို ရွေးချယ်ပါ။ ပေါင်းသတ်ဆေး ရွေးချယ်ရာမှာ အခက်အခဲရှိနေရင် နီးစပ်ရာ စိုက်ပျိုးရေးဌာနမှာ အကူအညီတောင်းပါ။

(ဂ) ရွေးချယ်တဲ့ ပေါင်းသတ်ဆေးကို အညွှန်းအတိုင်း စနစ်တကျ သုံးစွဲရပါမယ်။

(ဃ) မြန်မာစာ အညွှန်းမပါတဲ့ ပေါင်းသတ်ဆေးတွေကို လုံးဝမသုံးပါနဲ့။

(င) ပေါင်းသတ်ဆေးတွေရဲ့ မြေနဲ့ရေမှာ ဓါတ်အကြွင်းအကျန် အဖြစ်နေနိုင်တဲ့ကါလ၊ ပေးနိုင်တဲ့အန္တရာယ် များကိုလည်း နားလည်ဖို့လိုပါတယ်။

ဒါ့အပြင် ပေါင်းသတ်ဆေးတွေ မြေ နဲ့ ရေ မှာ ဓါတ်ကြွင်းကျန် အဖြစ် တည်ရှိနေနိုင်တာကြောင့် ဆူဒိုမိုးနတ်ဖလူရိုရင်းဆင့် (Pseudomonas fluorescens) ဘက်တီးရီးယား ပါတဲ့ ပျံလွှား ဇီဝမှိုသတ်ဆေး(၁) နဲ့ ချေဖျက်ဖို့လည်း လိုအပ်ပါတယ်။

ဆောင်းပါးရှင် - ဦးဇော်သန်း 70 B.Ag

💠




Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

ရောင်စုံအလှများနဲ့ သစ္စာပန်း နှင့် စိုက်ပျိုးနည်း