ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း







ငရုတ်တွင် ကျရောက်သော ရောဂါများ (၁)
- - - - - - - - - - - 


၁။ Anthracnose မှဲ့ပြောက်စွန်းရောဂါ
- - - - - - - - - -
ငရုတ်မှာ ကျရောက်တဲ့ မှဲ့ပြောက်စွန်းရောဂါက မှိုကြောင့်ဖြစ်ပြီး အထွက်နှုန်းကို ကျဆင်းစေရုံမက ငရုတ်သီးရဲ့အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။ ရောဂါဖြစ်စေသော မှိုမျိုးကွဲ (strains) ၁၆ မျိုးအထိ တွေ့ရှိထားပြီး အဲဒီအထဲက အတော်များများကို အပူပိုင်းဒေသတွေမှာ တွေ့ရပါတယ်၊ ဒါပေမဲ့ သမပိုင်းဒေသတွေမှာလည်း တွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာ - - -
အသီးတောင့်ပေါ်မျာ စက်ဝိုင်းပုံစံ ချိုင့်နေတဲ့ အနာကွက်လေးတွေဖြစ်ပေါ်လာမယ်၊ နောက်ပိုင်း အနာကွက်က တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ အသီးတောင့်တွေ ပုပ်မယ်၊ ပင်စည်နဲ့ အရွက်ပေါ်မှာ အညိုပုတ်ရောင် အနားသတ်ပါသော ပုံစံမမှန်တဲ့ အညိုရောင် အစက်ပြောက်လေးတွေလည်း တွေ့ရတတ်တယ်။

ကာကွယ်နှိမ်နင်းနည်း - -
ဒီရောဂါကို ကုသနိုင်တဲ့ နည်း မရှိသေးပါဘူး၊ ဒါပေမဲ့ ကာကွယ်နိုင်မဲ့ နည်းတွေကတော့ -
၁။ မှိုရောဂါအများစုက စိုထိုင်းသော ပတ်ဝန်းကျင်ကို နှစ်သက်တဲ့အတွက် -ငရုတ်ပင်များကို စိုက်ပျိုးတဲ့အခါ ရေမ၀ပ်စေရန် နဲ့ ရေ (သွင်း) မများစေရန် ဂရုစိုက်ပါ။
၂။ ကော်ပါး ပါဝင်သော မှိုသတ်ဆေးများကို သုံးစွဲခြင်းဖြင့် ရောဂါပြန့်နှံ့မှုကို လျော့ချနိုင်ပါတယ်။
၃။ မှဲ့ပြောက်စွန်းရောဂါဖြစ်စေသော သက်ရှိမှိုက မြေကြီးထဲမှာ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ခိုအောင်းနေနိုင်တဲ့အတွက် - ရောဂါကျရောက်ထားသော အကွက် (အခင်း) အား တခြားသီးနှံများဖြင့် သီးလှည့်စိုက်ပျိုးပါ။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များ အားလုံးကို ကျေးဇူးတင်လျက် . . . ဒေါ်ချို




ငရုတ်တွင် ကျရောက်သော ရောဂါများ (၂)
- - - - - - - - - -
၂။ grey mould မီးခိုးမှိုရောဂါ
- - - - - - - -
ရောဂါဖြစ်စေသော သက်ရှိ Botrytis cinerea ပါ။ ရောဂါဖြစ်စေသော မှိုစပိုးများက များသောအားဖြင့် လေထဲမှာ ရှိနေနိုင်ပြီး လက်ခံပင်က ခုခံအားကျဆင်းချိန် (သို့) ဒဏ်ရာ ဖြစ်ပေါ်ချိန်တို့မှာ အဲဒီ ဒဏ်ရာကနေတဆင့် အပင်ထဲကို ရောဂါ ၀င်ရောက်နိုင်ပါတယ်။ တခါတလေ ရောဂါက ၀င်ရောက်ထားပေမဲ့လည်း ရောဂါလက္ခဏာကို အသီး စတင်ပြီး ရင့်မှည့်ချိန်မှ အသီးပေါ်မှာ အညိုရောင်မှိုမျှင်လေးတွေ တွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာ - - -
ငရုတ်ပင်ရဲ့ ပင်စည်၊ အရွက်၊ အဖူး၊ ပန်းပွင့် သို့ အသီးတွေပေါ်မှာ အညိုရောင် ပွစုတ်စုတ်ဖြစ်နေတဲ့ မှိုမျှင်တွေကို တွေ့ရမယ်၊ မှိုမျှင်အစုလေးတွေ ဟိုတကွက် ဒီတကွက် ဖြစ်နေနိုင်သလို အပင်တပင်လုံးပေါ်မှာလည်း တွေ့ရနိုင်ပါတယ်။
ရောဂါဝင်ရောက်ထားတဲ့အပင်ပေါ်မှာ (သေသေချာချာကြည့်လိုက်ရင်) အစေ့ပုံစံအနက်ရောင် အစက်သေးသေးလေးတွေကို တွေ့ရတတ်တယ်။
ငရုတ်သီးတောင့်တွေဟာ ရင့်မှည့်လာရမဲ့အစား ပျော့ပြီး အညိုရောင် ပြောင်းသွားပါမယ်။ ရောဂါကျရောက်မှု ပြင်းထန်ရင်တော့ အဖူး၊ အပွင့်တွေ ရှုံတွ တွန့်လိမ်ပြီး နောက်ဆုံး အပင်တပင်လုံး သေသွားပါမယ်။

ကာကွယ်နှိမ်နင်းနည်း - -
ဒီရောဂါကို နိုင်တဲ့ မှိုသတ်ဆေး မရှိသေးပါ။
၁။ ရောဂါပြန့်နှံမှုကို ထိန်းချုပ်ရန်အတွက် ရောဂါကျရောက်ထားတဲ့ အပင်ကို ဖျက်ဆီးပစ်ပါ၊
၂။ စိုက်ခင်းထဲမှာ လေ၀င် လေထွက် ကောင်းမွန်စေရန် အပင်များကို လုံလောက်သော အကွာအဝေးဖြင့် စိုက်ပျိုးပါ။
၃။ စိုက်ခင်းထဲမှာ ရေ မ၀ပ်စေရန် ဂရုစိုက်ပါ။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို
ကျေးဇူးတင်လျက် . . ဒေါ်ချို





ငရုတ်တွင် ကျရောက်သော ရောဂါများ (၃)
- - - - - - - - -
၃။ damping off ခါးရိရောဂါ
- - - - - - - - -
ခါးရိရောဂါကို ဖြစ်စေသော သက်ရှိမှိုဟာ မြေဆောင်မှိုရောဂါဖြစ်ပြီး အစေ့တွေကို ပုပ်သွားစေရုံသာမက အပင်ပေါက်တွေကိုလည်း လဲကျ သေဆုံးစေနိုင်ပါတယ်။ ရောဂါဖြစ်စေသော သက်ရှိမှိုဟာ စိုထိုင်းသော ပတ်ဝန်းကျင်မှာ အသက်ရှင်နေနိုင်ပြီး ခါးရိရောဂါကို ဖြစ်ပေါ်စေပါတယ်။

ရောဂါလက္ခဏာ - - -
စိုက်ပျိုးလိုက်တဲ့ အစေ့လေးတွေ အညှောင့်ပေါက်နှုန်းကျဆင်းလာမယ်၊ အစေ့ကို စိုက်ပျိုးထားသော မြေကြီးနေရာအား တူးဆွကြည့်မယ်ဆိုရင် အစေ့က ပျော့ပြီး မှိုမျှင်လေးတွေ တွယ်ကပ်နေတာကို တွေ့ရတတ်တယ်။
ပျိုးပင်ပေါက်လေးတွေမှာဆိုရင် - ပင်စည်အခြေ မြေကြီးတဲ့ ထိစပ်နေတဲ့နေရာမှာ ပင်စည်က ပျော့လာမယ်၊ ခါးသိမ်လာပြီး နောက်ဆုံး အပင်လဲကျ သေဆုံးပါမယ်။

ကာကွယ်နှိမ်နင်းနည်း - - - -
ဒီရောဂါအတွက်ကတော့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်၊ ဘာလို့လည်းဆိုတော့ အပင်ပေါက်လေးက ရောဂါနဲ့ တခြားအပင်ကို ထိခိုက်စေတဲ့ အခြေအနေတွေကနေ အမြန်ပြန်ပီး နလန်ပြန်ထူနိုင်လို့ပါ။
ပျိုးဗန်းတွေမှာဆိုရင်တော့ ပျိုးခင်းတခြမ်းမှာ ရောဂါကျရောက်နေသော်လည်း တခြားဘက်ခြမ်းမှာတော့ ရောဂါကင်းနေနိုင်ပါတယ်။
၁။ ရောဂါကင်းသော မျိုးစေ့ကို ရွေးချယ်စိုက်ပျိုးပါ။
၂။ ရောဂါဖြစ်စေသာသက်ရှိမှိုဟာ စိုထိုင်းတဲ့ ပတ်ဝန်းကျင်ကို နှစ်သက်တာကြောင့် စိုက်ပျိုးမြေအား စိုစွတ်နေစေသော်လည်း ရေ၀ပ် မနေစေရန် ဂရုစိုက်ပါ။
၃။ ပျိုးပင်ပေါက်များ လေ၀င်လေထွက်ကောင်းစေရန် လုံလောက်သော အကွာအဝေးရှိရန် သတိပြုပါ။
၎။ကော့ပါးအခြေခံသော မှိုသတ်ဆေးများကို အသုံးပြုခြင်းဖြင့် ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ပါ။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို
ကျေးဇူးတင်လျက် . . ဒေါ်ချို



ငရုတ်တွင် ကျရောက်သော ရောဂါများ (၄)
- - - - - - - - - -
၎။ Chilli Wilt ငရုတ်ပင်ညှိုး
- - - - - - - - - - -
ငရုတ်ပင်ညိုးရောဂါဟာ မှိုယောင်သက်ရှိ (fungi-like organism) ဖြစ်တဲ့ water mould (Phytophthora capsici) ကြောင့် ဖြစ်တာပါ၊ ဒီမှိုက အာလူးပင်နာကျရောဂါ (potato blight) ကို ဖြစ်စေသော သက်ရှိနဲ့ နီးစပ် (တူ)တယ်။ ဒီရောဂါကြောင့် အရွက်တွေမှာရှိတဲ့ အစာချက်လုပ်တဲ့ တစ်ရှူးတွေ သေမယ်၊ အသီးနဲ့ အမြစ်တွေ ပုပ်သွားပြီး နောက်ဆုံး အပင်သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ရောဂါလက္ခဏာ - - -
ရောဂါဝင်ရောက်ခံရတဲ့နေရာမှာ အညိုရောင်ကနေ အနက်ရောင်ရှိတဲ့ အကွက်လေးတွေ ဖြစ်လာမယ်၊ တခါတလေ ဒဏ်ရာရဲ့ပတ်လည်မှာ အဖြူရောင် စက်ဝန်းလေး ဖြစ်ပေါ်နေတတ်ပါတယ်။
အသီးတွေမှာဆိုရင် လျင်လျင်မြန်မြန်နဲ့ ပျော့ပုပ်လာပြီး အရည်တွေထွက်လာပါမယ်၊ အသီး​ပေါ်မှာ အဖြူ​ရောင်​မှို​လေး​တွေ ဖြစ်​​ပေါ်​နေတတ်​တယ်​၊ အပင်တပင်လုံး ရုတ်တရက် ညှိုးကျသွားပြီး သေဆုံးသွားပါမယ်၊ အပင်သေတွေရဲ့ပင်စည်ကို ကြည့်ရင် အညိုရောင် ပြောင်းနေတာကို တွေ့ရပါမယ်။

ကာကွယ်နှိမ်နင်းနည်း - - - -
ဒီရောဂါက စိုစွတ်ထိုင်းမှိုင်းတဲ့ ပတ်ဝန်းကျင် အခြေအနေမှာ ဖြစ်ပေါ်တတ်တာမို့ စိုက်ခင်းထဲမှာ ရေ မ၀ပ်ပါစေနဲ့၊ စိုက်ခင်းထဲမှာ လေ၀င် လေထွက် ကောင်းစေရန် အပင်များကို သင့်တော်သော အပင်အကွာအဝေး ရှိပါစေ၊ ရောဂါကျနေသော အပင်အား ချက်ချင်း ဖျက်ဆီးပါ။
သင့်တော်သော မှိုသတ်ဆေး သုံးစွဲခြင်းဖြင့် ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ပါ။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို
ကျေးဇူးတင်လျက် . . ဒေါ်ချို








ငရုတ်တွင် ကျရောက်သော ရောဂါများ (၅)
- - - - -
၅။ pepper mosaic virus မိုစေ့ဗိုင်းရက်စ်
- - - - - - - - - - - -
Vectors တွေဖြစ်တဲ့ ပျ၊ ဖြုတ်နဲ့ ယင်ဖြူတို့ကနေတဆင့် ငရုတ်မိုစေ့ဗိုင်းရက်စ်ရောဂါ ပြန့်နှံ့ကူးစက်ပါတယ်။ ဗိုင်းရက်စ်ရောဂါသယ်ဆောင်ထားတဲ့ vector insect က (သူတို့ရဲ့ တံတွေးဂလင်းမှတဆင့်) ငရုတ်ပင်ရဲ့ အရွက်နဲ့ ပင်စည်တို့ကို တိုက်ရိုက် ထိုးသွင်းခြင်းဖြင့် တပင်မှ တပင်သို့ ရောဂါ ကူးစက်စေပါတယ်။

ရောဂါလက္ခဏာ - - -
အရွက်ပေါ်မှာ အစိမ်းနဲ့ အ၀ါရောင် အကွက်တွေဖြစ်ပေါ်နေတာ တွေ့ရမယ်၊ အရွက်တွေ တွန့်လိမ် ရှုံတွလာမယ်၊ အပင်ကြီးထွားမှု နှေးသွားမယ်၊ နောက်ဆုံး အပင်ကြီးထွားမှု ရပ်သွားပြီး အထွက်နှုန်းကို ထိခိုက်စေပါမယ်။

ကာကွယ်နှိမ်နင်းနည်း
ဗိုင်းရက်စ်ရောဂါကို ကုသနိုင်တဲ့နည်း မရှိသေးပါဘူး၊ ဒါပေမဲ့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ -
ရောဂါဒဏ်ခံနိုင်သော မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
ရောဂါကျရောက်ထားသောအပင်အား ဖျက်ဆီးပစ်ပါ။
ရောဂါသယ်ဆောင်နိုင်သော Vector များကို နှိမ်နင်းပါ။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို
ကျေးဇူးတင်လျက် . . ဒေါ်ချို




ငရုတ်တွင် ကျရောက်သော ရောဂါများ (၆)

၆။ Bacterial Soft Rot ဘတ်တီးရီးယား ပျော့ပုပ်
- - - - - - - - - -
ဘတ်တီးရီးယားပျော့ပုပ်ကို ဖြစ်စေသော သက်ရှိ Genus ၅ မျိုး (Erwinia, Pseudomonas, Bacillus, Xanthomonas, and Cytophaga) လောက် တွေ့ရပြီး အဲ့ဒီအထဲက Erwinia carotovora subsp. carotovora နဲ့ E. chrysanthemi တို့ကတော့ အတွေ့ရအများဆုံးနဲ့ အရေးအကြီးဆုံး ဘတ်တီးရီးယားတွေ ဖြစ်ပါတယ်။

ရောဂါလက္ခဏာ - - -
အသီးနုနဲ့ အသီးရင့် ၂ မျိုးလုံးပေါ်မှာ ရောဂါ လက္ခဏာ တွေ့နိုင်ပါတယ်။ ရောဂါဝင်ရောက်ခါစမှာတော့ အသီးပေါ်မှာ ရေစိုနာ အကွက်လေး ဖြစ်ပေါ်လာမယ်၊ ဒဏ်ရာက မြန်မြန်ကြီးထွားလာမယ်၊ နောက်ပိုင်း ဒဏ်ရာမှာ အကျိအချွဲတွေဖြစ်လာမယ်၊ ပုပ်နံ့ ရလာမယ်။

ကာကွယ်နှိမ်နင်းနည်း - - -
နိုက်ထရိုဂျင် ဓါတ်မြေသြဇာ အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင်ကျဉ်ပါ။ စိုက်ခင်းတွင် ရေမ၀ပ်ပါစေနှင့်။
စိုက်ခင်းထဲတွင် စွတ်စိုနေပါက လူနှင့် ကျွဲနွား တိရစ္ဆာန်များ မ၀င်ပါစေနဲ့ (ရောဂါဖြစ်ပွားနေပါက အလျင်အမြန် ပြန့်နှံ့မှုကို ရှောင်ရှားနိုင်ရန်)။
မိုးရာသီ (သို့) မိုးရွာနေချိန် များတွင် အသီးဆွတ်ခူးခြင်း မပြုလုပ်ပါနှင့်။
ပျက်စီးနေသော (သို့) ရောဂါ စတင် ၀င်ရောက်ထားသော အသီးများအား ဖျက်ဆီးပစ်ပါ။
စိုက်ခင်းအား သန့်ရှင်းစေရန် ဂရုစိုက်ပါ။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို
ကျေးဇူးတင်လျက် . . ဒေါ်ချို




ငရုတ်တွင် ကျရောက်သော ရောဂါများ (၇)
- - - - - - - - - -
၇။ Bacterial leafspot ဘတ်တီးရီးယား အစက်ပြောက်
- - - - - - - -
ရောဂါဖြစ်စေသော သက်ရှိ Xanthomonas campestris pv vesicatoria ပါ၊ ဒီ ဘတ်တီးရီးယားက မြေကြီးထဲမှာ အသက် မရှင်နိုင်ပါဘူး။
မျိုးစေ့နဲ့ အပင်အကြွင်းအကျန်တွေကနေတဆင့် ရောဂါပြန့်နှံ့နိုင်ပြီး ရောဂါကျရောက်ပါက ကျန်းမာသော အပင်များသို့ မြန်မြန်ဆန်ဆန် ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာ - - -
အရွက်ပေါ်မှာ စိမ်းဝါရောင်ရှိတဲ့ သေးငယ်တဲ့ ဒဏ်ရာ (သို့) အညိုရောင်ရှိတဲ့ ဆဲလ်သေကွက်လေးတွေ ဖြစ်လာမယ်။ အစိမ်းနုကနေ အစိမ်းရင့်ရောင် ရှိတဲ့ ဒဏ်ရာကွက် တွေကို တွေ့ရတတ်တယ်၊ တခါတရံ အညိုရောင်ဒဏ်ရာရဲ့ပတ်လည်မှာ အ၀ါရောင်စက်ဝန်းလေး ဖြစ်ပေါ်နေတတ်တယ်။
အရွက်အနားမှာရှိတဲ့ တစ်ရှူးတွေ ခြောက်သွေ့ပြီး ကြွပ်ဆပ်လာမယ်၊
အရွက်ဟောင်းတွေမှာ ရောဂါလက္ခဏာ စတင်ဖြစ်ပေါ်တတ်ပြီး နောက်ပိုင်းမှာ အရွက်နု အရွက်သစ်တွေဆီကို ကူးစက်ပြန့်နှံ့လာပါမယ်။ နောက်ဆုံးမှာ ရောဂါကျရောက်ထားတဲ့အရွက်တွေဟာ အောက်ဘက်ကို ငိုက်ကျလာမယ်။
ပင်စည်ပေါ်မှာလည်း အညိုရောင်အနာကွက်တွေ တွေ့ရတတ်ပါတယ်။ အသီးပေါ်မှာတော့ အရောင်ဖျော့ဖျော့ ရေစိုနာကွက်လေးတွေ စတင်ဖြစ်ပေါ်လာပြီး နောက်ပိုင်းမှာ ဒဏ်ရာက အညိုရောင် ပြောင်းသွားပါမယ်။

ကာကွယ်နှိမ်နင်းနည်း - - -
ကုသနိုင်တဲ့ နည်းလမ်း မရှိသေးပါဘူး၊ ရောဂါကျရောက်ထားသော အပင်အား ဖျက်ဆီးပစ်ခြင်းဖြင့် ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။
တခြား ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ -
၁။ ရောဂါကင်းသော မျိုးစေ့ကို အသုံးပြုပါ။
၂။ စိုက်ခင်းထဲမှာ လေ၀င် လေထွက် ကောင်းစေရန် အပင်များကို သင့်တော်သော အပင်အကွာအဝေးဖြင့် စိုက်ပျိုးပါ။
၃။ ရောဂါဝင်ရောက်စမှာ ကော့ပါးအခြေခံသော ဆေးများကို (e.g - copper hydroxide, copper sulfate, and copper ammonium carbonat) သုံးစွဲခြင်းဖြင့် ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ပါ။
၎။ ရောဂါဖြစ်စေသော ဘတ်တီးရီးယားက အပင်သေတွေပေါ်မှာ အသက်ရှင်နေထိုင်ပြီး အဲဒီကနေတဆင့် တခြား ကျန်းမာသော အပင်များသို့ ပတ်ဖြန်းလိုက်တဲ့ ရေကနေ တဆင့် ပြန့်နှံ့ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အပင်တွေကို ရေလောင်းတဲ့အခါ ညင်သာစွာလောင်းပါ။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို
ကျေးဇူးတင်လျက် . . ဒေါ်ချို







Chilli Powdery Mildew (ငရုတ်ဖားဥမှိုရောဂါ)
- - - - - - - - -
ရောဂါဖြစ်စေသော သက်ရှိ Leveillula taurica မှိုဖြစ်ပြီး လိင်မဲ့မျိုးပွားသောအဆင့် (Oidiopsis taurica) အနေဖြင့် တွေ့ရတတ်ပါတယ်။
ဒီရောဂါ ကျရောက်ပါက အပင်ကြီးထွားမှုကို နှောင့်နှေးစေပြီး အသီးအထွက်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။
တခြားလက်ခံပင်တွေဖြစ်တဲ့ ၀ါ၊ ကြက်သွန်နီ၊ ခရမ်းချဉ်နဲ့ ပေါင်းပင် (such as sowthistle and groudcherry) တို့မှာလည်း ဒီရောဂါ ကျရောက်နိုင်ပါတယ်။

ရောဂါလက္ခဏာ - - -
ရောဂါကျရောက်ခါစ ပထမပိုင်းမှာတော့ အရွက်ရဲ့အောက်မျက်နှာပြင်ပေါ်မှာ အဖြူရောင် မှို အမှုန့်လေးတွေ ကပ်နေတာကို တွေ့ရမယ်။ အရွက်ရဲ့အပေါ်ဘက် မျက်နှပြင်ပေါ်မှာတော့ အ၀ါရောင် သို့ အညိုရောင် ကို ပြောင်းလာပါမယ်၊ တခါတလေ အရွက်မျက်နှာပြင်ပေါ်မှာ မှိုစပိုးလေးတွေ ထုတ်လွှတ်ထားတာကို တွေ့ရတတ်ပါတယ်။
အရွက်အနားတွေ အပေါ်ဘက်ကို ကုတ်သွားမယ်၊ ရောဂါကျရောက်ထားတဲ့အရွက်ဟာ အချိန်မတိုင်ခင် ကြွေကျသွားမယ်၊ အရွက်တွေ ကြွေသွားတဲ့အတွက် သီးတောင့်တွေဟာ နေရောင်နဲ့ တိုက်ရိုက်ထိပြီး အသီးပေါ်မှာ နေလောင်ဒဏ်ရာလေးတွေ ဖြစ်ပေါ်လာပါမယ်။

ကာကွယ်နှိမ်နင်းနည်း - - -
ဖားဥမှိုရောဂါကို လက်ခံနိုင်သော သီးနှံပင်တွေ အများကြီးရှိနေတာမို့ ရောဂါကျသီးနှံပင်နဲ့ ပင်ကြွင်းပင်ကျန်တွေကို ဖျက်ဆီးပစ်ရုံနဲ့ ဒီရောဂါကို ကာကွယ်နှိမ်နင်းဖို့ မလုံလောက်သေးပါဘူး။
chemical control အနေနဲ့ သင့်တော်သော မှိုသတ်ဆေးကို ၁၅ ရက်ခြား တကြိမ်နှုန်းနဲ့ အနည်းဆုံး သုံးကြိမ်ဖျန်းပေးပါ (e.g. Carnbendazim, Penconazole, Propiconazole, Wettable sulphur, Hexaconazole, Difenconazole)။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို
ကျေးဇူးတင်လျက် . . ဒေါ်ချို


Dieback in Chilli
ငရုတ် ကိုင်းဖျားခြောက်ရောဂါ
- - - - - - - - -
ရောဂါဖြစ်စေသော သက်ရှိမှို Colletotrichum capsici ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်အတော်များများမှာလည်း ဒီမှိုရောဂါ ကျရောက်နိုင်ပါတယ်။
ငရုတ်ပင်မှာ ဒီရောဂါ ကျရောက်မယ်၊ နောက်ပြီး ကာကွယ်ကုသခြင်းလည်း မရှိဘူးဆိုရင်တော့ အထွက်ကို ဆိုးရွားစွာ ကျဆင်းစေနိုင်ပါတယ်။

ရောဂါလက္ခဏာ - - -
များသောအားဖြင့် ငရုတ်ပင် ပန်းပွင့်ချိန်မှာ ကိုင်းဖျားခြောက်ရောဂါ ကျရောက်လေ့ရှိပြီး ရောဂါဝင်ရောက်ခြင်းခံရတဲ့ ပန်းပွင့်က ခြောက်ပြီး ကြွေကျသွားမယ်။ ပန်းပွင့်ညှာတံ ရှုံ့တွလာပြီး ခြောက်သွားမယ်။
အဲ့ဒီလို ရိုးတံခြောက်သွားတာဟာ - အပင်အပေါ်ပိုင်း ရိုးတံကတဆင့် အောက်ပိုင်းမှာရှိတဲ့ အကိုင်းနဲ့ ပင်စည် တို့ အထိပြန့်နှံ့သွားပါမယ်။ အကိုင်း သို့ ပင်စည် ညှိုးခြောက်သွားပါမယ်။
ရောဂါ အနည်းငယ်သာ ကျရောက်တဲ့ အပင်တွေမှာတော့ အရည်အသွေး ညံ့ဖျင်းတဲ့အသီး အနည်းငယ်သာ သီးနိုင်ပါလိမ့်မယ်။

ကာကွယ်နှိမ်နင်းနည်း - - -
၁။ ရောဂါကင်းသော မျိုးစေ့ကို အသုံးပြုပါ။
၂။ biological control အနေနဲ့ Trichoderma viride @10g/kg နှုန်းဖြင့် မျိုးစေ့ကို လူးနယ်ပေးခြင်းဖြင့် ရောဂါကျရောက်မှုကို သက်သာစေနိုင်ပါတယ်။
၃။ မျိုးစေ့အား သင့်တော်သော မှိုသတ်ဆေးဖြင့် လူးနယ်ပြီး စိုက်ပျိုးပါ။ (eg. Thiram or Captan 4g/kg)
၎။ သင့်တော်သော မှိုသတ်ဆေး ဖျန်းပါ။ (eg. Ziram O. 25% Captan 0.2% or miltox 0.2%)
၃ ကြိမ် ဖျန်းပါ - ပန်းမပွင့်ခင် ပထမအကြိမ် ဖျန်းပါ၊ အသီးဖြစ်ထွန်းချိန်မှာ ဒုတိယအကြိမ် ဖျန်းပါ၊ ဒုတိယအကြိမ်ဖျန်းပြီး ၂ ပတ် အကြာမှာ တတိယအကြိမ် ဖျန်းပါ။

လိုအပ်နေတာ မှားနေတာများ ရှိရင် ဝေဖန်အကြံပြုပေးကြပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို
ကျေးဇူးတင်လျက် . . ဒေါ်ချို

References-
http://agritech.tnau.ac.in/crop_protection/chilli_diseases_2.html
http://www.plantwise.org/KnowledgeBank/FactsheetForFarmers.aspx?pan=20157800013






Comments

Popular posts from this blog

ရောင်စုံအလှများနဲ့ သစ္စာပန်း နှင့် စိုက်ပျိုးနည်း