ဘိုကာရှီ မြေသြဇာပြုလုပ်နည်း

ဘိုကာရှီ မြေသြဇာပြုလုပ်နည်း

ဘိုကာရှီ သဘာဝမြေသြဇာဆိုသည်မှာ သဘာဝကုန်ကြမ်းများကို ၎င်းတို့ပါဝင်သည့် NPK ပါဝင်မှုများအလိုက် အချိုးညီ ပြုလုပ်ထားသော သဘာဝမြေသြဇာဖြစ်သည်။ အပင်များသို့ ဘိုကာရှီကျွေးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများမှာ
၁။ ပင်စည်၊ အကိုင်းအခတ်၊ အရွက် စသည် ဖွံ့ဖြိုးတိုးပွားမှုမြန်စေခြင်း။
၂။ အဖူး၊ အပွင့်၊ အသီး များ ကြွေကျမှုနည်းစေခြင်း (အသီးဖြစ်ထွန်းမှု အားကောင်းစေခြင်း)
၃။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ကောင်းမွန်သောအရသာ၊ အရည်အသွေးမြင့်မားစေခြင်း။
၎။ အပင်များ ကျန်းမာသန်စွမ်းစေနိုင်ခြင်း။
၅။ အဖျက်ပိုး၊ ရောဂါပိုးတို့၏ တိုက်ခိုက်မှုဒဏ်ကိုလည်း ခုခံကာကွယ်နိုင်စွမ်းရည်မြင့်စေခြင်း။
၆။ မြေကြီးအတွင်း Organic Matter တိုးပွားလာစေသဖြင့် ၎င်းကို မှီတင်းနေထိုင်ကြသော အပင်အကျိုးပြု အဏုဇီဝပိုးများ တိုးပွားလာကာ အပင်အတွက်လိုအပ်သော အစာအဟာရဓာတ်ကို ပေါများကြွယ်ဝစေခြင်း။
၇။ မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိသဖြင့် ရေငတ်သည့်ဒဏ်၊ မိုးခေါင်းသည့်ဒဏ်၊ နေလောင်သည့်ဒဏ် စသည့် ရာသီဥတုဆိုကျိုးဒဏ်တို့ကိုလည်း ခုခံနိုင်စွမ်းရှိခြင်း။
ဘိုကာရှီ သဘာဝမြေသြဇာကို နေရောင်တိုက်ရိုက်မကျသော သစ်ပင်၊ ၀ါးပင်အောက်များ၌ ပြုလုပ်သင့်သည်။ မိုးရာသီတွင် အမိုးမိုးပေးရန်လိုသည်။ ရေမ၀င်စေရန် ကုန်းအမြင့်ပိုင်းတွင် ပြုလုပ်သင့်သည်။
ဘိုကာရှီ သဘာဝမြေသြဇာကို တတ်နိုင်သည့်အပေါ်မူတည်၍ အဆင့်အတန်းခွဲခြားပြုလုပ်နိုင်သည်။ ပါဝင်ရမည့် ပစ္စည်းများနှင့် အချိုးအစားများမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်သည်။
သာမန်ဘိုကာရှီ
- ကြက်ချေး  ၅ အိတ်  (တစ်တင်းခွဲအိတ်)
- မြေဆွေး  ၃ အိတ် (တစ်တင်းခွဲအိတ်)
- ဖွဲနု ၁ အိတ် (တစ်တင်းခွဲအိတ်)
- ထင်းပြာ ၂ အိတ် (တစ်တင်းခွဲအိတ်)
- စပါးခွံပြာ ၁ အိတ် (တစ်တင်းခွဲအိတ်)
- တင်လဲရည် ၅၀ ကျပ်သား (တစ်လီတာ)
အလယ်အလတ်တန်းစား ဘိုကာရှီ
- ကြက်ချေး  ၅ အိတ်  (တစ်တင်းခွဲအိတ်)
- မြေဆွေး  ၂ အိတ် (တစ်တင်းခွဲအိတ်)
- ဖွဲနု ၁ အိတ် (တစ်တင်းခွဲအိတ်)
- ထင်းပြာ ၁ အိတ် (တစ်တင်းခွဲအိတ်)
- စပါးခွံပြာ ၁ အိတ် (တစ်တင်းခွဲအိတ်)
- တင်လဲရည် ၅၀ ကျပ်သား (တစ်လီတာ)
- ပဲဖတ် ၁ အိတ် (တစ်တင်းခွဲအိတ်)
-
အဆင့်မြင့် ဘိုကာရှီ
- ကြက်ချေး ၅ အိတ် (တစ်တင်းခွဲအိတ်)
- မြေဆွေး ၂ အိတ် (တစ်တင်းခွဲအိတ်)
- ဖွဲနု ၁ အိတ် (တစ်တင်းခွဲအိတ်)
- ထင်းပြာ ၁ အိတ် (တစ်တင်းခွဲအိတ်)
- စပါးခွံပြာ ၁ အိတ် (တစ်တင်းခွဲအိတ်)
- တင်လဲရည် ၅၀ ကျပ်သား (တစ်လီတာ)
- ပဲဖတ်စိမ်ရည် (တစ်လီတာ)
- ဘိစပ်အချဉ်ဖောက်ရည်+
အသီးအချဉ်ဖောက်ရည်+
ဒေသခံအဏုဇီဝ (IMO) (၅၀၀ စီစီ)
- အရိုးမှုန့် ၁ အိတ် (ပိဿာ ၃၀)
- ငါးအမိုင်နိုအက်ဆစ် ၁လီတာ~၂လီတာ
- သစ်ဗီနီဂါ ၁ လီတာ~၂လီတာ
ပဲဖတ် ပိဿာ ၂၀ခန့်ကို ရေ ၃ပုံ ၂ပုံခန့်ထည့်ပြီး ၂၄နာရီထားသိပ်ပြီး တင်လဲရည်၊ ငါးအမိုင်နိုအက်ဆစ်၊ သစ်ဗီနီဂါတို့ ရောမွှေကာ ကုန်ကြမ်းများရောထားသော အပုံတွင်းသို့ ရေလိုသလောက်ရောကာ ဖြန်းနိုင်သည်။ သမမှုသည် အဓိကကျပြီး စိုထိုင်းဆ ၆၀% ခန့်ရှိရမည်။ စိုထိုင်းဆ ၆၀%ဆိုသည်မှာ ၎င်းအရောကို လက်ဖြင့်ဆုပ်ကြည့်လျှင် အလုံးဖြစ်ပြီး လက်ညိုးဖြင့် ဖိလိုက်လျှင် ကွဲသွား သော အနေအထားဖြစ်ရမည်။ (ရေနည်းလျှင် အလုံးမဖြစ်ပါ။ ရေများလျှင် လက်ညိုးဖြင့်ဖိလျှင် မကွဲပါ။ ရေနည်းလျှင် အဏုဇီဝပိုး ပေါက်ပွားနှုန်းနှေးပြီး ရေများပါကလည်း ပုပ်ပြီး လုံးဝမဖြစ်တော့ပေ။ ထိုကြောင့် ရေစိုထိုင်းဆသည် အလွန်အရေးကြီး ပေသည်။)
၎င်းအရောအနှောကို အမြင့် ၁ပေခွဲအထိ ပုံပေးပါ။ ၎င်းအပုံ၏ အပေါ်မှ ကောက်ရိုး (သို့မဟုတ်) မြက်ခြောက် (သို့မဟုတ်) ငှက်ပျောရွက်တို့ဖြင့် ဖုံးအုပ်နိုင်သည်။ ဖုံးအုပ်ပြီး ၂ပတ်ခန့်အကြာတွင် စတင်အသုံးပြုနိုင်သည်။ အစာကျွေးနည်းကို သစ်ပင်များ အစာကျွေးနည်း ဆောင်းပါ၌ ပြန်လည် ဖတ်ရှုပါလေ။
Credit: Wai Aung Chan Myo
ဗဟုသုတ​ကျေးရွာ




Comments

Popular posts from this blog

ငှက်ပျောအတွက်အစာစပ်နည်း

ပေါင်းသတ်ဆေးအကြောင်းသိကောင်းစရာ

ခန်းတွင်းကောက်ရိုးမှို စိုက်ပျိုးခြင်း Indoor Cultivation of Paddy-straw Mushroom (အပိုင်း-၁)