ကောက်ရိုးမှိုကို ကောက်ရိုးအသုံးပြု ဇလားဖြင့် ပုံသွင်းစိုက်ပျိုးခြင်း -- ၁

ကြို့ပင်ကောက်သွားတော့ ပြည်မြို့အောက်ပိုင်း အဲ့ ကြို့ပင်ကောက်အထိ ကားလမ်း
ဝဲယာမယ် ဝင်းမှည့်နေတဲ့ စပါးခင်းတွေ မြင်ခဲ့ရပါတယ်။ တချို့လည်း ရိတ်သိမ်းနေကြပြီ။
ဒါနဲ့ပဲ ကြို့ပင်ကောက်ရောက်၊ ကောက်ရိုးမှိုစိုက်တာနဲ့ ပတ်သက်လို့ ပြောကြဆိုကြတော့ ကောက်ရိုးတို့ ရိုးပြတ်တို့ရဲ့အကြောင်း ပါမလာပဲ ဗေဒါအကြောင်းသာ ပါပါနေသမို့ ကောက်ရိုးမှိုကို ကောက်ရိုးနဲ့စိုက်ဖို့အကြောင်းလေး ပြောပြဖြစ်ခဲ့ပါတယ်။
မှိုဆိုတာက အဆွေးစားပင် Saprophytes ဆိုတော့ ဆွေမြေ့ပျက်ဆီးနိုင်တဲ့အရာ ဘာ
နဲ့မဆို စိုက်နိုင်တယ်လေ။ သူ့မျိုးစိတ်နဲ့သူ ကန့်သပ်ချက် ခြွင်းချက်တွေတော့ ရှိတာပေါ့။
ဒီနေရာမှာ ကောက်ရိုးမှိုအတွက်ကတော့ ကောက်ရိုး ရိုးပြတ် ဗေဒါ လွှစာ စက္ကူ လဘက်ခြောက်ပြုတ်ဖတ် ဝါလေ ဆီအုန်းဖတ်အုန်းခွံ ငှက်ပျော စတာတွေနဲ့ စိုက်ပျိုးဖြစ်ထွန်းနေ
တာ သတိထားမိကြပါလိမ့်မယ်။
အဓိက ခေါင်းထဲထည့်မှတ်ထားရမှာက ကိုယ့်အရပ်ကိုယ်ဒေသမှာ ဘာတွေပေါသလဲ
ဘာတွေနဲ့စိုက်ရင်ဖြစ်ထွန်းမလဲ ဆိုတာပါပဲ။ အထက်ကပြောခဲ့သလို မှိုဆိုတာကဆွေး
မြေ့စားပင်မို့ အပင်ထွက်ပစ္စည်း ဘာနဲ့မဆို စိုက်ပျိုးဖြစ်ထွန်းနိုင်တာပါပဲ။ အကျိုးသက်ရောက်မှု့တွေတော့ ကွာခြားနိုင်သမို့ ထွက်နှုန်းလည်းကွာခြားမှာဖြစ်ပါတယ်။ ဟိုဟာ နဲ့စမ်း ဒီဟာနဲ့စမ်း စမ်းသပ်စိုက်ပျိုးကြည့်ပေါ့။ မှတ်တမ်းတွေလည်းထားပေါ့။ ပျော်စရာ သိပ်ကောင်းပါတယ်။ ပျော်စရာကနေ အောင်မြင်တာတွေတွေ့လာရင် မိတ်ဆွေအများ ကို ပြောပြနိုင်ပြန်တော့ ပီတိတွေဖုံး အပြုံးတွေဝေပြီး ကုသိုလ်လည်း ရလာနိုင်တာပေါ့။
တစ်ချိန်က ကောက်ရိုးနဲ့ စိုက်ပျိုးခဲ့တာလေးတွေ တင်ပြပေးမယ်လုပ်တော့ နှစ်တွေခေတ်တွေပြောင်းလာသမို့ ကောက်ရိုးထုံးတွေမရှိတော့ဘူး ဆိုလာကြတယ်။ ဒီတော့ အထုံးတွေကို အရင်းနဲ့ အဖျားမျှစီ၊ တစ်လွှာရှေ့-နောက် နောက်တစ်လွှာ တောင-်မြောက်ထား စိုက်ပျိုးနည်းကို မပြောတော့ပဲ အလွယ်နည်းဖြစ်တဲ့ ဇလားနဲ့ စိုက်တဲ့နည်းလေးကိုပဲ တင်ပေးလိုက်ပါတယ်။
ဇလားနဲ့ပုံသွင်း စိုက်ပျိုးမှာဖြစ်တဲ့အတွက် အောက်ခြေအလျားအနံ ၂-ပေ၊ အမြင့် ၁-ပေ၊ အပေါ်အလျားအနံ ၁ပေခွဲ ရှိတဲ့ စတုရန်းပုံ အထက်အောက် နှစ်ဘက်ပွင့် ဇလားလေး
တစ်ခုရိုက်ထားပါ။ (အပေါ်က ကျဉ်းထားရတာကတာ့ ဆွဲချွတ်ရ လွယ်အောင်ပေါ့။) ဒါမှမဟုတ် မိမိနှစ်သက်အဆင်ပြေမဲ့ ဇလားလေးရိုက်ထားပါ။ ဒီနေရာ မှာ ဇလားရှည်ရှည် စတုဂံပုံရိုက်လို့လည်းရပေမဲ့ ကွင်းပြင်မှာ အဲ့စလားနဲ့ စီစီညီညီ စိုက်ထားတာကို ညအခါ လသာသာ မြင်ရတော့ ဟိုက ဂူလေးတွေနဲ့တူနေလို့ ဆိုပြီး ဖျက်ခိုင်းလို့ ဖျက်ပေးခဲ့ရတာ ကြုံခဲ့ဘူးပါတယ်။ အခုရေးနေတုံး အမှတ်ရနေမိပါတယ်။
ဆောင်းကုန်နွေကူး ရာသီဥတု ပူပြင်းရင်တော့ နေကွယ်လေကွယ် အရိပ်ရပြီး မြေကြီး အစိုဓာတ်ရှိတဲ့နေရာ လေးမှာ စိုက်သင့်ပါတယ်။ အခုတော့ မကြာခင် ဆောင်းဝင်တော့
မှာမို့ ဒီအခါမျိုးဆိုရင်တော့ နေရောင်ခြည်လေးရမဲ့နေရာ စိုက်ရမှာဖြစ်ပြန်ပါတယ်။
အစိုဓာတ်မရှိတဲ့မြေမှာ စိုက်မယ်ဆိုရင် မှိုမစိုက်ခင် တစ်ရက်နှစ်ရက်လောက်ကြိုတင်ပြီး မှိုစိုက်မဲ့ပတ်ဝန်းကျင်မြေကြီး အစိုဓာတ်ရစေဖို့ ရေဝအောင်လောင်းထားပေးရပါမယ်။
သဘာဝကို အားကိုးပြီး စိုက်ရတဲ့ Outdoor Cultivation အတွက် နံနက်ပိုင်းမှာ မှိုစိုက်ရ
ပါမယ်။ ဒါမှ မှိုပုံအတွက် တက်နေအပူရှိန်ကြောင့် လိုအပ်တဲ့ အပူဓာတ်ကို ကောင်းကောင်းရမှာ ဖြစ်ပါတယ်။
မှိုစိုက်တာ Outdoor Cultivation မှာ အောက်ခံမြေသားနဲ့ မဆိုင်ဘူးဆိုရင် မှားပါတယ်။
အများကြီးသက်ဆိုင်အကျိုးသက်ရောက်မှု့ ရှိပါတယ်။ သဲနှုံးမြေနဲ့ နှုံးမြေဟာ အကောင်း ဆုံးပါ။ ဘာ့ကြောင့်ကောင်းတာလဲ ဘယ်လိုအကျိုးသက်ရောက်လို့လဲ ? ဒီအကြောင်း စာ တမ်းတင်ထားပါတယ် ရှာပြီးဖတ်ကြည့်ပါ။
ကောက်ရိုးမှိုကို ကောက်ရိုးအသုံးပြု ဇလားဖြင့် ပုံသွင်းစိုက်ပျိုးခြင်း - ၂
အစိုဓာတ်ရှိနေတဲ့မြေ ဒါမှမဟုတ် ညကရေသွင်းပေးထားလို့ စွတ်စိုနေတဲ့မြေမှာ အလျား ၁၀-ပေ အနံ ၄-ပေ ဒါမှမဟုတ် မိမိနဲ့အဆင်ပြေမဲ့ အလျားအနံရှိတဲ့ မြေဘောင် အတားလေးလုပ်ပေးပါ။ အတွင်းကရေ အပြင်မထွက် အပြင်ကရေ အတွင်းမဝင်နိုင်အောင်ပါ။
သန့်စင်တဲ့ မြင်းချေး နွားချေး ကျွဲချေး ဝက်ချေး တစ်ခုခုကို လက် ၅-လုံးထုလောက် ဖြန့်
ခင်းပေးပါ။ ဒီနေရာမှာသတိပြုရမဲ့ အချက်က ရာသီဥတုအခြေအနေနဲ့ မိမိအသုံးပြုမဲ့ နွား
ချေးမြင်းချေးတွေရဲ့သဘာဝ Fermentation ဖြစ်နှုန်းတွေ တနည်းပြောရရင် အပူထွက်နှုန်းတွေကိုတော့ သိထား အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာ မြင်းချေးနဲ့နွားချေးကို စံထားပြောရရင် မြင်းချေးက နွားချေးထက် Fermentation ဖြစ်နှုန်း မြန်-မြင့်ပါတယ်။ ဒါ့ကြောင့်
အပူဓာတ်ပိုရပါတယ်။ ဒါကိုအခြေခံပြီး ဘယ်အခါရာသီမှာ မြင်းချေးသုံးရမယ် ဘယ်အခါ ရာသီမတော့ နွားချေးသုံးသင့်တယ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အပူထွက်နှုန်း ရရှိနှုန်းက
လည်း ထုထည်ပမာဏပေါ် မူတည်နေတာကြောင့် ဘယ်အချိန်အခါမှာ ထုထည်များ
များ ဘယ်အချိန်အခါမတော့ ထုထည်နည်းနည်းဆိုတာလည်း တွက်ဆတတ်ရပါမယ်။
စာတမ်းတင်ပေးထားတဲ့အတိုင်း အမေမှာ မှာတဲ့အတိုင်း အသုံးမပြုပဲ မိမိဥာဏ်လေး ထည့်လို့ လွှာသုံးတတ်ဖို့လည်း လိုအပ်ပါတယ်။
စကားမစပ် ဒီနေရာမှာ ဒီ မြင်းနွားဝက်ချေးသုံးရတာက ကောက်ရိုးမှိုအတွက် အပူရှိန်
ရအောင်လို့ဖြစ်သလို လိုအပ်တဲ့အဟာရတွေအတွက်လည်းဖြစ်ပါတယ်။ ၆၀:၄၀ ပါ။
အောက်ကခံထားပေးတာက အပူရဖို့ အဓိကပါ။ ကြားနေရာတွေထည့်ပေးတာက ဖြည့်စွက်အပူနဲ့အဟာရအတွက်ပါ။ ထွက်လာတဲ့အပူ လွတ်ထွက်မသွားအောင်လို့ ပလတ်စတစ်အုပ် ဖမ်းစုထားရပါတယ်။ ပလတ်စတစ်အုပ်ပေးတာက အဲ့အတွက်ရယ် နောက်
စိုထိုင်းဆအတွက်ရယ်ကော ဖြစ်ပါတယ်။
နွားချေး မြင်းချေးထည့်တိုင်းလည်း အပူမရပါဘူး။ ဒါကိုလည်း သိထားရပါမယ်။ အမြင့် ၃-ပေအထိရောက်အောင်ပုံထားတဲ့ ၁၅-ရက်ကျော်လွန်နေပြီဖြစ်တဲ့ နွားချေးမြင်းချေးပုံဟာ Fermentation ကုန်ဆုံးပြီဖြစ်လို့ ဘာအပူမှမရနိုင်ပါဘူး။ အရပ်စကားနဲ့ပြောရရင် မံသေ
ပြီး ဖြစ်နေပါပြီ။ အဲဒါမျိုးတွေသုံးရင် အပူမရ အဟာရလောက်သာရနိုင်မှာ ဖြစ်ပြီး အခန့်
မသင့်ရင်ကတော့ ရောဂါမှိုရိုင်း ခွေးချေးမှို Coprnus နဲ့ ခွက်မှို Peziza တွေသာ ထွက်လာမှာ ဖြစ်ပါတယ်။
လတ်လတ်ဆတ်ဆတ်တွေ သုံးမှ Fermentation ဖြစ် အပူရမှာဖြစ်ပေမဲ့ Fermentation
ဖြစ်တော့ အပူသာမက Carbondioxide ကထွက်လာပြန်တာပါ။ ဒါက ကောက်ရိုးမှိုအ
တွက် အန္တရာယ် ဖြစ်လာပြန်ပါတယ်။ အုပ်ထားတဲ့ပလတ်စတစ်အတွင်းမှာ ဒါတွေမစုမိ
အောင် ပလတ်စတစ်ကို လှန်လှန်ပေးရပါမယ်။ လှန်ပေးခြင်းက ချွေးပူတွေ ခါပေးသလို
ဖြစ်တဲ့အပြင် လေသစ်ဝင်လာသမို့ အကျိုးရှိပေမဲ့ အဲ့လိုလှန်လှန်ပေးတာ မကျွမ်းရင် ချွေးပူတွေမှိုလုံးတွေပေါ်ကျ ချွေးပူလောင်မဲ့ပြဿနာကလည်း ရှိနေပြန်ပါသေးတယ်။
ကောက်ရိုးမှိုကို ကောက်ရိုးအသုံးပြု ဇလားဖြင့် ပုံသွင်းစိုက်ပျိုးခြင်း- ၃
မြေဘောင်အတားလေး ၁၀-ပေ × ၄-ပေ လုပ်ပြီးပြီ ရာသီဥတုအခြေအနေကို ခန့်မှန်းပြီး
နွားချေးမြင်းချေးတွေလည်း ထည့်ခင်းထားပြီပြီဆိုရင်တော့ အစွန်းတစ်ဘက်ကနေ အတွင်း ၁-ပေ အကွာ ဘေးနှစ်ဘက် ၁-ပေ အကွာစီကနေ စီစဉ်ထားတဲ့၂-ပေပတ်လည်
စတုရန်းပုံ ဇလားလေးကိုချပါ။ ဒီနေရာမှာ အစောက ပြောထားသလို မိမိ နှစ်သက်တဲ့
ဇလားပုံမျိုးလည်း ပြုလုပ်အသုံးပြုလို့ ရပါတယ်။ အနံက ၄-ပေ ကျယ်နေမယ်ဆိုရင် အနံ ၃-ပေ လုပ်လည်း ရတာပါပဲ။ အဆင်ပြေဖို့ အဓိက လိုအပ်ပါတယ်။
ဟိုး အစော ကောက်ရိုးရေစိမ်ခဲ့တုံးက တစ်ညအိပ် ရေစိမ်ရမယ် ၂/၃ နာရီရေစိမ်ရမယ်
ဆိုပေမဲ့ အခုတော့ ခုရေစိမ် ရေဝင်တာနဲ့ ခုစိုက်လည်း ရလဒ်က သိပ်မကွာခြားသမို့ အ ချိန်ပေးရတာ သက်သာပါတယ်။
ရေဝနေတဲ့ ကောက်ရိုးတွေကို ဇလားအတွင်း ၁/၃ လောက်ထည့်ပြီး သိပ်သည်းသွား အောင် တက်နင်းပါ။ ဇလားအတွင်း ကောက်ရိုးချွေတာချင်သပဆိုရင် အတွင်းအလယ်
ပိုင်းမှာ ကောက်ရိုးအစား ကဒ်စက္ကူ သတင်းစာ စက္ကူဖြတ်စ ရိုးပြတ် လဘက်ခြောက်ပြုတ်ဖတ် ဗေဒါ ငှက်ပျော ဝါလေဝါလွင့် မြေပဲခွံ မြက်ခြောက် ငှက်ပျော စတာတွေကို ပေါက်စီ တစ်လုံးလို အလယ်က ထာပနာအဖြစ် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ စိုက်ပျိုးချိန်မှာ ရှိနေမဲ့ ရာသီဥတုကိုတော့ ခေါင်းထဲထည့်ထားရပါ့မယ်။
၁/၃ ထည့် ပိသိပ်သွားအောင် တက်နင်းပြီးရင်တော့ မျိုးထည့်ပါမယ်။ မျိုးထုပ်ကို သေသေချာချာစစ်ပါ။ နတ်တလင်းက ရိုးသားလှတဲ့တောင်သူတွေပြောသလို သူတို့ပေးတာ ယူရတယ် ဆိုတာမျိုး လုပ်မလာပါနဲ့။ (သူတို့ပေးတာယူရတာပဲ ဆရာကြီး ဆိုတာကတော့ လူပေါ်လူဇော်လုပ် ဖျံကျ လူလည်ကျလွန်းလှပါတယ်။ အသည်းနာစရာ ခံပြင်းစရာလည်းကောင်းလှပါတယ်) မျိုးထုပ်ကို ကြည့်ပါ။ ကောက်ရိုးမှိုမျှင်လေးတွေဟာ သိသာလှပါတယ်။ တင်ထားပေးတဲ့ပုံတွေကို မျက်စေ့မှာ စွဲနေအောင် စစ်ဆေးပါ။ ပြီးရင် မျိုးထုပ်ကိုဖောက်ပါ။ မှိုမျိုးကို နမ်းကြည့်စစ်ဆေးပါ။ ကောက်ရိုးမျိုးဟာ သိသာထင်ရှားတဲ့ နှစ်လိုဖွယ် မွှေး ကြိုင်တဲ့ အနံ့ Fragrant ရှိပါတယ်။ သိသာထင်ရှားပါတယ်။ စာဖွဲ့ပြလို့မရပါ။ ဒီ အနံ့ကို
စွဲနေပါစေ။
မျိုးကို ကွမ်းသီးလုံးလောက်စီ ဖဲ့ယူပြီး အနားရဲ့ အတွင်းဘက် လက် ၂/၃ လောက်ကနေ
လက် ၅-လုံး/လက်တစ်ဖဝါးစာ ခွာခွာပြီး ထည့်သွားပါ။ မျိုးကြားနဲ့ အတွင်းဘက်အပိုင်းကိုတော့ သန်ု့ရှင်းလတ်ဆတ်တဲ့ နွားချး မြင်းချေးကို မထူမပါး ထည့်ပါ။ နွားချေးမြင်းချေးထဲ ကိုကြက်ချေး ငုံးချေး ၁၀ ကနေ ၂၀% ရောစပ်သမ ထည့်ပေးရင် ပိုအကျိုးသက်ရောက်ပါတယ်။
ဓာတုမြေသြာဇာတွေ အသုံးပြုရင်မိမိနဲ့တကွ စားသုံးသူတွေရဲ့ကျန်းမာရေးကို ထိခိုပ်နိုင်ပါတယ်။ မထည့်တာကောင်းပေမဲ့ ထည့်မှာပဲ ဆရာကြီးဆိုရင်တော့ ကလေးတွေလည်း မဟုတ်တော့တာမို့ မိမိအသိနဲ့ မိမိ ဆောင်ရွက်တာ ကောင်းပါလိမ့်မယ်။ ဒီနေရာမှာ သတိ ထားမိတာက Nitrogen ကြွယ်ဝတဲ့ ဖြူဖြူအလုံး ပုလဲတွေပဲ ထည့်နေကြတာ တွေ့နေရ
ပါတယ်။ တကယ်က N. P. K မှာ N တင်မက P ပါထည့်ရပါမယ်။ ရေပျော်ဝင်နိုင်စွမ်း
နည်းပါတာမို့ အမှုန့်ပြုလုပ်ပြီး အလွှာတိုင်းမှာ ထည့်သွင်း အသုံးပြုရပါမယ်။ တရားလွန်
မဖြစ်စေဖို့ အထူးသတိထားရပါမယ်။ တန်ဆေးလွန်ဘေး ဆိုသလိုပဲ များသွားရင် ထွက်လာတဲ့ မှိုမျှင်တွေ ဆေးလောင်မှု့ဖြစ်နိုင်ပါတယ်။
ဒါပြီးရင်တော့ ဇလားခွက်ထဲမှာ တစ်လွှာ လုပ်ပြီး ဆောင်ရွက်ပြီးပါပြီ။
ကောက်ရိုးမှိုကို ကောက်ရိုးအသုံးပြု ဇလားဖြင့် ပုံသွင်းစိုက်ပျိုးခြင်း - ၎
ဇလားအတွင်း နောက်ထပ်ကောက်ရိုးထပ်ထည့်ပြီး အရင်အတိုင်း ဆက်လုပ်ပါ။ ဒီလိုနဲ့ ဇလားပြည့်သည်အထိ ဆက်လက်ဆောင်ရွက်ပါ။
ဇလားပြည့်ရင် ဇလားအတွင်းကို ဖိထားပြီး အသာအယာ ဆွဲချွတ်ပါ။ မှိုပုံလေးတစ်ပုံ ဇလားပုံအတိုင်း ကျန်ခဲ့ပါ့မယ်။
ပထမအပုံနဲ့ တစ်ပေအကွာမှာ ဒုတိယအပုံရရှိဖို့ ဇလားကိုချပါ။ ဇလားဟာ ဘေးဘောင်နှစ်ဖက်နဲ့လည်း တစ်ပေအကွာမှာ ရှိနေပါ့မယ်။
ဇလားအတွင်း ကောက်ရိုးထည့်ခြင်း နင်းခြင်း မျိုးထည့်ခြင်း ဖြည့်စွက်စာထည့်ခြင်းများကို
အရင်အတိုင်းဆောငရွက်ပါ။
ဒီလိုနဲ့ အလျား ၁၀-ပေ အနံ ၄-ပေ ရှိ မှိုဘောင်အတွင်း ဘေးနဲ့ကြား ၁-ပေစီခြားတဲ့ မှိုပုံ
၃-ပုံတန်း တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။
မှိုဘောင်အတွင်း မှိုပုံ ၃-ပုံတန်း ဆောင်ရွက်ရရှိပြီးတဲ့နောက်မှာတော့ မှိုပုံတွေကို ရေ
ဝအောင် ရေ ၃/၄ ပုံး ထပ်လောင်းပေးဖို့ မေ့မနေသင့ပါဘူး။
ရေလောင်းပြီးတဲ့နောက်မှာတော့ မှိုပုံတွေရဲ့ ဘေးနံရံ ၄-ဘက်စလုံးနဲ့ အပေါ်မျက်နှာပြင်ကို သန့်စင်တဲ့ မြင်းချေး/နွားချေး ၈-ဆ ကြက်ချေး/ငုံးချေး ၂-ဆ တစ်လက်မအရွယ် စင်း ထားတဲ့ ကောက်ရိုး ရေစိမ်-ရေစစ် ၂-ဆ ရောသမမွှေ ထားတဲ့ ဖြည့်စွက်စာကို ရေနဲ့
ပြစ်ပြစ်ဖျော်ပြီး လက်နှစ်လုံးအထူခန့် ဖိကပ်မံပေးရပါမယ်။
အရင်ကတင်ပြထားခဲ့အတိုင်း ဓာတုမြေသြဇာ ထည့်လိုသူများအတွက်ကတော့ N နဲ့ P
ကို သင့်တင့်ရုံထည့်သွင်းရောစပ် ပေးနိုင်ပါတယ်။ ဒီနေရာမှာ လတ်ဆတ်နဲ့ စက်ကျ
ဖွဲနုကိုလည်း ရောစပ်ထည့်ပေးနိုင်ပါက အလွန်ကောင်းပေမဲ့ ကြက်စာဆိုင်က ရက်လွန်
ဖွဲနုမျိုး မထည့်မိဖို့ကတော့ အထူးလိုအပ်လှပါတယ်။ ဒါတွေထည့်မိရင် မိမိစိုက်တဲ့မှိုအ တွက် မှိုရိုင်းတွေကို ဖိတ်ခေါ်ပေးသလို ဖြစ်နေပါလိမ့်မယ်။
မှိုပုံတွေကြားနဲ့ ဘေးပတ်လည်မှာရှိတဲ့ ပုံချပေးထားတဲ့ မြင်းချေး/နွားချေးများပေါ်ကို
လည်း လက်နှစ်လုံးအထူ မံပေးရပါမယ်။ ဒီလိုလုပ်ပေးတာကို မျက်နှာပြင်အလွှာ Casing
Layer ဖုံးအုပ်ပေးခြင်းလို့ ခေါ်ပါတယ်။
ဒီ Casing Layer ထဲကို နေလှမ်းဇကာချထားတဲ့ သဲနှုံးမြေ ၄၀% ရောစပ်ထည့်ပေးတတ်ရင် မှိုပုံအတွက် ပိုအကျိုးသက်ရောက်တာကို တွေ့ရပါတယ်။ မှိုပုံရဲ့ အစိုဓာတ်ကို
မနည်းမများ ထိန်ပေးထားလို့ပါ။ လိုအပ်တဲ့ အပူချိန်နဲ့ စိုထိုင်းဆကို တည်တန့်နေအောင် ထိန်းပေးတတ်လေလေ မှိုထွက်လေလေ ဆိုတာ ခေါင်းထဲကို အမြဲထည့်ထားရပါမယ်။
ဒီ ၃-ပုံတန်း မှိုတစ်ပုံအတွက် မှိုမျိုးထုပ် နှစ်ထုပ် အသုံးပြုရင် ရပါပြီ။ မျိုးများကို ဇလား
ထဲ ကောက်ရိုးထည့်စဉ်အခါကသာ အသုံးပြုပါတယ်။ မှိုပုံတွေကြားနဲ့ ဘေးပတ်လည်
Casing Layer မံပေးစဉ်မှာ ထည့်သွင်းပေးစရာ မလိုပါ။ မှိုမျှင်များ ပွားများလာတဲ့ အချိန်ကာလမှာ ဇလားအတွင်းမှ မျိုးများ ကျဆင်းလာမှာ ဖြစ်ပါတယ်။
မှိုပုံတန်းတစ်ခုရဲ့ မှို ၃-ပုံ ပုံခြင်း Casing Layer လုပ်ပေးခြင်းတွေပြီးရင်တော့ မျက်နှာပြင်အလွှာ စိုထိုင်းဆ ထိန်းနိုင်ဖို့အတွက် မှိုပုံတွေနဲ့ Casing Layer ကို သတင်းစာ
စက္ကူ သန့်သန့်နဲ့ ၅/၆ ရက်ကြာ ဖုံးကာပေးထားသင့်ပါတယ်။
ကောက်ရိုးမှိုကို ကောက်ရိုးအသုံးပြု ဇလားဖြင့်ပုံသွင်း စိုက်ပျိုခြင်း - ၅
မှိုပုံတန်းတစ်ပုံ စိုက်ပြီးရင် နောက်တစ်ပုံတန်းကို ပထမအတန်းနဲ့ ၂-ပေခွဲ/၃-ပေ ခြားပြီး ဆောင်ရွက်ပါ။ မှိုပုံတွေကြား ဝင်ရထွက်ရ လွယ်ကူစေဖို့ ဖြစ်ပါတယ်။
ပထမမှိုပုံတန်း စိုက်အပြီး ဒုတိယမှိုပုံတန်း မစိုက်မီ ပထမ မှိုပုံတန်း အပေါ်ကို ပြီး ဝါးအမိုး ခုံးလေးပြုလုပ်ပြီး ပလတ်စတစ်အုပ်ပေးပါ။ ဒီဝါးအမိုးခုံးလေးဟာ မှိုပုံအထက် အနည်းဆုံး ၆/၈ လက်မလောက် ကွာနေပါစေ။
ဝါးအမိုးခုံးလေးပေါ်ကနေ ပလတ်စတစ်အလုံအုပ် လေမလွင့်အောင် ဖိထားပေးရပါမယ်။ တစ်ခါ ဒီပလတ်စတစ်ပေါ်ကနေ ထန်းရွက် သက်ကယ် ကောက်ရိုးကဒ် အဆင်ပြေရာ တစ်မျိုးမျိုးနဲ့ ထပ်မံကာရံပေးထားရပါမယ်။ နေကွယ်လေကွယ်ပေးရုံမက အလင်းရောင်ပါ ကွယ်ထားပေးတာကြောင့် ထွက်လာတဲ့ မှိုလုံးတွေဟာ ဖြူဖွေးနေပါလိမ့်မယ်။
နွေရာသီမှာဆိုရင်တော့ ဝါးအမိုးခုံးပေါ်ကမှ မထူမပါး ယက်ထားတဲ့ ကောက်ရိုးဖျာကို ရေစွတ်ပြီး အုပ်မိုးပေးပါ။ ဘေးဘက်များကိုလည်း ကာရံပေးပါ။ ဒီလိုလုပ်ရတာဟာ နွေရာသီ ပူပြင်းတဲ့အပူချိန်ကို နှိမ့်ချပေးမှာဖြစ်ပြီး ချွေးပူများ မှိုလုံးတွေပေါ်မကျစေတဲ့
အပြင် မှိုပုံတွင်း စိုထိုင်းဆကိုလည်း တိုးတက်စေပါတယ်။
စစိုက်ပြီးကတည်းက မှိုပုံရဲ့အခြေအနေဟာ ဖွတ်လျော်ပြီး ရေညှစ်ထားတဲ့ အဝတ်အထည်တွေလို အနေအထားမျိုး အမြဲရှိနေရပါ့မယ်။ မှိုပုံတွင်း (မှိုပုံတွင်း) အပူချိန်ဟာ ၃၂ ကနေ ၃၈အတွင်းရှိနေရပါမယ်။ အတွင်းအပူချိန်ဟာ ၄၅ ထက်ကျော်သွားမယ် ဒါမှမဟုတ် ၂၇ ထက်နိမ့်ကျနေမယ်ဆိုရင်တော့ မှိုလုံးလေးတွေ ထွက်မလာနိုင်တော့တာ ကို အထူးသိထားရပါမယ်။
ကောက်ရိုးမှိုဟာ စိုထိုင်းဆ မြင့်မားစွာ လိုအပ်တဲ့ မှိုအမျိုးအစားပါ။ မှိုပုံအတွင်း စိုထိုင်းဆ (အတွင်းစိုထိုင်းဆ) ဟာ ၆၅% ကနေ ၇၀% ထိရှိနေရမှာဖြစ်ပြီး မှိုပုံတွေရဲ့ဘေးပတ်ဝန်း ကျင် စိုထိုင်းဆကတော့ ၈၅% - ၉၅% မှာရှိနေရပါမယ်။ စိုထိုင်းဆဟာ မှိုပုံအတွင်း ၆၀% နဲ့ မှိုပုံရဲ့ပတ်ဝန်းကျင်လေထုအတွင်း ၇၅% ထက် လျော့နည်းနေရင် မှိုလုံးတွေရဲ့ ကြီးထွားဖွံ့ဖြိုးလာမှု့ဟာ နှေးကွေးရပ်တန့်သွားမှာ ဖြစ်ပါတယ်။
အစိုဓာတ်လိုအပ်ရင် စစိုက်ပြီး ၅ ရက်မတိုင်ခင်မှာတော့ မှိုပုံတွေပေါ် ရေလောင်းလို့ရပေမဲ့ ဒီရက်နောက်ပိုင်းတော့ မလောင်းရတော့ပါဘူး။ မှိုပုံတန်းတွေကြား မြေပြင်ကိုသာ ရေလောင်းပေးရပါမယ်။
(မြေပြင်ကို လောင်းပေးတဲ့ရေ ဘယ်လိုအကျိုးသက်ရောက်လည်းဆိုတာ စာတမ်းတင်
ထားပေးပြီး ဖြစ်ပါတယ်။ ဖတ်ပြီးမှတ်ပြီးပြီလည်း ယူဆပါတယ်။)
အထူးသတိထားရမှာက စစိုက်ပြီးရက်ကနေ ၅/၆ ရက်အတွင်းမှာ အပူချိန်ဟာ ၃၅ ကနေ
၄၀၊ အကောင်းဆုံးကတော့ ၃၈ မှာ ရှိနေစေဖို့ပါတယ်။ ပူပြင်းတဲ့ နွေရာသီဆိုရင်တော့ ၃၀ ကနေ ၃၅ အတွင်း ဖြစ်ရပါမယ်။ မှိုပုံကို အုပ်မိုးပေးထားတဲ့ ပလတ်စတစ်ကို လှပ်
မှိုပုံတွင်း မျက်နှာအပ်လိုက်ရင် မိမိမျက်နှာကို အပူငွေ့ပြေးဟပ်နေရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ထည့်ပေးထားတဲ့ မှိုမျိုးတွေ ပွားများလာမှာ မဟုတ်တော့ပါဘူး။
အပူချိန် ၄၅ ကျော်သွားရင်ပဲဖြစ်ဖြစ် ၁၅ အောက်နိမ့်ကျသွားရင်ပဲဖြစ်ဖြစ် မှိုမျှင် ပွားများ
နိုင်မှု့ဟာ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့ အချက်တစ်ခုက မိမိဝယ်ယူလာတဲ့ မျိုးပုလင်း မျိုးထုပ်တွေဖြစ်စေ ဒါမှမဟုတ် မိမိကိုယ်တိုင် ထုတ်လုပ်ထားတဲ့ မျိုးပုလင်း မျိုးထုပ်တွေဖြစ်စေ မျိုးပြည့်နေပေမဲ့ အသုံးမပြုသေးဘူးဆိုရင် အပူချိန် ၁၈ နဲ့ ၂၂ ကြားမှာ ထိန်သိမ်းထားပေးရပါမယ်။ မျိုးထည့်ပေါက်ပို ဆို့ပိတ်ထားတဲ့ဂွမ်းစဟာလည်း စိုထိုင်းဆ ဝင်မလာစေရပါဘူး။

Comments
Post a Comment