ကောက်ရိုးမှိုစိုက်ပျိုးခြင်းအတွက် ပူပြင်းရာသီအတွင်း သတိပြုရမည့်အချက်များ (အပိုင်း - ၁)

PMK Mushroom Research Centre
(Since - 1975)

Paddy-straw Mushroom
Volvariella volvacea (Bulliard:Fried) Singer

ကောက်ရိုးမှိုစိုက်ပျိုးခြင်းအတွက် ပူပြင်းရာသီအတွင်း သတိပြုရမည့်အချက်များ

(အပိုင်း - ၁)

မှိုစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး အပူချိန်လိုအပ်မှု့
အပေါ် အခြေခံထား ပိုင်းခြားစိတ်ဖြာကြည့်မယ်
ဆိုရင် အပူချိန်မြင့် ကြိုက်တဲ့မှို High Temperature Mushroom နဲ့ အပူချိန်နိမ့် ကြိုက်တဲ့မှို Low Temperature Mushroom
ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ကောက်ရိုးမှိုက
အပူချိန်မြင့် ကြိုက်တဲ့မှို ဖြစ်ပါတယ်။

မှိုစိုက်ပျိုးသူတွေဟာ မိမိစိုက်ပျိုးတဲ့မှို ကောင်း
ကောင်းထွက်ရှိလာဖို့အတွက် အသုံးပြုတဲ့မှိုစာ
တွေရဲ့ ပိုးသန့် ရောဂါကင်းရှင်းမှု့ မှိုစာတွေရဲ့
အဟာရတန်ဖိုး အသုံးပြုမဲ့မျိုးရဲ့ သန့်စင်အား
ကောင်းမှု့တွေအကြောင်း နားလည်သိရှိထားဖို့
အထူးလိုအပ်လှပါတယ်။ ဒါတွေအပြင် မိမိစိုက်
မဲ့မှိုအတွက် လိုအပ်တဲ့ အပူချိန်နဲ့ စိုထိုင်းဆကို
လည်း ကောင်းကောင်းကြီး နားလည်သဘော
ပေါက်ထားရမှာ ဖြစ်သလို လိုအပ်သလိုလည်း
ပြုပြင်ဆောင်ရွက်ပေးတတ်ရမှာ ဖြစ်ပါတယ်။

ဒါတွေကို နားမလည် မဆောင်ရွက်ပေးတတ်ရင်
ဖြင့် မှိုစာတွေ မှိုမျိုးတွေ ဘယ်လောက်ကောင်း
ကောင်း မှိုထွက်လာမှာ မဟုတ်ပါဘူး။ ထွက်လာ
လည်း အထွက်နှုန်းက နိမ့်ကျနေမှာ သေချာလှ
ပါတယ်။

ဒီနေရာမှာ ကောက်ရိုးမှိုအတွက် အခြေအနေ အမျိုးမျိုးမှာ လိုအပ်တဲ့ အပူချိန်နဲ့ စိုထိုင်းဆကို
ဖေါ်ပြပြီး ဖြစ်ပါတယ်။ ဒါကို Share ထားပါတယ် ဆိုရုံနဲ့တော့မရပါဘူး။ ခေါင်းထဲစွဲနေအောင် ဖတ် မှတ်ထားရပါမယ်။

ခန်းပြင်ကောက်ရိုးမှိုစိုက်ပျိုးခြင်းမှာ မှိုပုံတွေကို
မြေကြီးပေါ်ချစိုက်တဲ့ ပုံစံက အများစိုက်ပျိုးနေ
တဲ့ ပုံစံပါ။ အစိမ်းရောင်အပင်တွေလို အမြစ်တွေ
နဲ့ မြေကြီးထဲ တိုးဝင်စရာ မရှိတဲ့အတွက် မြေ
အမျိုးအစား ရွေးစရာမလိုဘူးလို့ ဆုံးဖြတ်မယ်
ဆိုရင် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်
ပါဘူး။ အပူချိန်နဲ့ စိုထိုင်းဆထိန်းနိုင်ဖို့ အကောင်း
ဆုံး ဖြစ်စေဖို့က မြေအမျိုးအစားဟာ သွယ်ဝိုက်
ပြီး အကျိုးသက်ရောက်မှု့ရှိနေပါတယ်။ သဲနုန်း
မြေနဲ့ နုန်းမြေဟာ အကောင်းဆုံးပါပဲ။ ဒါ ဘာ့
ကြောင့်လဲ ဆိုတဲ့အဖြေကိုလည်း နားလည်
ထားဖို့ လိုအပ်ပါတယ်။

မြေဆီလွှာရဲ့ မြေမှုန် မြေမှုန်စုတွေကြားမှာ Pore-space လို့ခေါ်တဲ့ ကြားကွက်လပ်ကလေးတွေ
အများကြီးရှိနေပါတယ်။ သဲနုန်းမြေနဲ့ နုန်းမြေမှာ
ရှိတဲ့ Pore-space အရေအတွက်ဟာ ရွံ့စေးမြေ
တို့ စနယ်မြေတို့မှာထက် များပါတယ်။ နောက်ပြီး
ပါဝင်တဲ့ Pore-space တွေကို လေ့လာကြည့်တဲ့
အခါမှာလည်း အပေါက်သေး Micropore နဲ့
အပေါက်ကြီး Macropore ဆိုပြီး ခွဲခြားတွေ့နိုင်
ပါတယ်။

အပေါက်သေးတွေထဲမှာ အမြဲပဲ ရေခိုနေပြီး အ
ပေါက်ကြီးတွေမှာတော့ ပတ်ဝန်းကျင်အခြေအ
နေအရ လေချည်းသာပဲ ခိုနေနိုင်သလို လေကောရေကောလည်း ခိုနေနိုင်ပါတယ်။ ဒီမြေ
တွေဟာ Pore-space တွေ ကြွယ်ဝနေတာ
ကြောင့် လေဝင်လေထွက်နဲ့ ရေဝင်ရေထွက်ဟာ
တခြားမြေအမျိုးအစားတွေနဲ့ ယှဉ်လိုက်ရင် အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။
ဒါကြောင့်မြေတွင်းလေဟာ အမြဲလတ်ဆတ်နေ
Oxygen ကြွယ်ဝနေတာပဲ ဖြစ်ပါတယ်။ အပူချိန် ကိုလည်း လျော့ချပေးနိုင်တဲ့ စွမ်းရည်ရှိနေပါ တယ်။

(ဒီနေရာမှာ စကားမစပ် ပြောပြရရင် ခု ဖေါ်ပြပါ
အချက်တွေကြောင့် သဲနုန်းမြေနဲ့ နုန်းမြေမှာ စိုက်တဲ့ အပင်တွေဟာ မြေတွင်းလေ တနည်း အားဖြင့် Oxygen ကောင်းစွာရရှိပါတယ်။ အမြစ်တွေဟာ Respiration ကောင်းကောင်း လုပ်နိုင်ပါတယ်။ အမြစ်တွေ ကောင်းစွာ သန်စွမ်း ပွါးများကြသမို့ လိုအပ်တဲ့ သူတို့ရဲ့ လုပ်ငန်းတာ ဝန်တွေကို ကောင်းစွာထမ်းဆောင်နိုင်ပါတယ်။ အပင်တွေဟာ သူတို့အတွက် လိုအပ်တဲ့ အခြေခံ ကုန်ကြမ်းတွေကို လုံလောက်စွာရရှိပါတယ်။ ဒါ့ကြောင့် နုန်းမြေနဲ့ သဲနုန်းမြေမှာ စိုက်တဲ့ အပင် တွေဟာ မြေစေး စနယ်မြေ စတာတွေမှာစိုက်တဲ့ အပင်တွေနဲ့ ယှဉ်လိုက်ရင် ကြီးထွားသန်စွမ်း ကြပါတယ်။

ကောက်ရိုးမှိုစိုက်ပျိုးခြင်းအတွက် ပူပြင်းရာသီအတွင်း သတိပြုရမည့် အချက်များ

(အပိုင်း - ၂)

ခန်းပြင်စိုက်ပျိုးသူ အများစုဟာ မှိုပုံတွေကို မြေ
ပေါ်မှာ ချစိုက်ကြတာ များပါတယ်။ အဲဒီလို မြေ
ပေါ် ချစိုက်ပြီဆိုရင် အထက်ကဖေါ်ပြခဲ့တဲ့ နုန်း
မြေ သဲနုန်းမြေဟာ အကောင်းဆုံးပါပဲ။ ကောက်
ရိုးမှိုဟာ စိုထိုင်းဆများတာကို ကြိုက်နှစ်သက်ပေ
မဲ့ မှိုပုံတွေကို ရေလောင်းလို့မရပါဘူး။ ဒါ မှိုစိုက်
သူတိုင်း သိရပါမယ်။ သူကြိုက်တာက ပတ်ဝန်း
ကျင်လေထုထဲမှာ စိုထိုင်းဆ များနေဖို့သာ ဖြစ်
ပါတယ်။

မှိုပုံတွေက ပလတ်စတစ်အုပ်ထားတာ မဟုတ်
လား။ ဒီပလတ်စတစ်အတွင်းထဲမှာ စိုထိုင်းဆ
များနေဖို့က ရေဖြန်းပုံးနဲ့ ရေဖြန်းပေးလို့ မရပါဘူး။
မှိုလုံးလေးတွေ ထွက်လာပြီဆိုရင် ပိုဆိုးတာပေါ့။
သဘာဝပုံစံ လေထုထဲမှာပဲ စိုထိုင်းဆများအောင်
လုပ်ပေးရပါမယ်။ လုပ်ပေးတတ်ရပါမယ်။

ဒါက ဘယ်လိုလုပ်ရမလဲဆိုတော့ မှိုပုံအတန်း
တွေရဲ့ကြား မြေပြင်ကို ရေလောင်းပေးဖို့ပါ။ နုန်း
မြေ သဲနုန်းမြေဆိုရင်တော့ လောင်းလိုက်တဲ့ရေ
ဟာ အိုင်ဖွဲ့မနေပဲ ချက်ချင်း မြေထဲကို စိမ့်ဝင်
သွားပါလိမ့်မယ်။ ဒီလိုရေလောင်းပေးလိုက်တဲ့
အခါ နွေရာသီ မြင့်နေတဲ့အပူချိန်ဟာ နိမ့်ကျသွား
မှာ ဖြစ်သလို မြေတွင်းရေဟာ အငွေ့ပျံပြီး မြေပြင်
ပေါ်ကို ပြန်တက်လာပါလိမ့်မယ်။ ဒီအခါ အုပ်
ဆိုင်းထားတဲ့ ပလတ်စတစ်တွေအတွင်း စုမိ
ဆောင်းမိနေပြီး အတွင်းမှာ စိုထိုင်းဆများလာ
တက်လာမှာ ဖြစ်ပါတယ်။ဒီလိုနဲ့ မှိုပုံတွေအတွင်း
လိုအပ်တဲ့ စိုထိုင်းဆကို မြှင့်တင်ရရှိမှာ ဖြစ်ပါ
တယ်။

သတိထားရမဲ့အချက်တစ်ခုကတော့ မှိုပုံတန်း
တွေကြား ရေလောင်းတဲ့အခါ လောင်း လိုက်တဲ့
ရေဟာ မှိုပုံတွေအတွင်း စီးဝင်မသွားစေဖို့ပဲ ဖြစ်
ပါတယ်။ မှိုပုံတွေရဲ့ ဘေးပတ်ပတ်လည်မှာ မြေ
ဘောင်အတားလေးတွေ လုပ်ပေးထားရင် ရပါ
တယ်။ မှိုပုံဘေး ပတ်ပတ်လည်ကို ရေမြှောင်း
လေးတွေ လုပ်ပေးထားရင် ရပေမဲ့ ဒီနည်းက မှို
စိုက်ခင်း တစ်ခုလုံးကို အစိုဓာတ်မရစေပါဘူး။
ဒါ့ကြောင့် စိုထိုင်းဆမမှန် အပူချိန်ထိန်းညှိရာမှာ
လည်း ခက်ခဲပါတယ်။ မှိုပုံတွေကြား မှိုစိုက်ခင်း
တစ်ခုလုံးကို ရေဖြန်းပေးတဲ့ နည်းစဉ်ကသာ
ကောင်းပါတယ်။ အစိုဓာတ် ကောင်းကောင်းရ
စေဖို့ ဟင်းသီးဟင်းရွက်စိုက်ခင်း ငှက်ပျောစိုက်
ခင်း ပိန်းစိုက်ခင်းတွေကြားလည်း စိုက်ပျိုးနိုင်ပါ
တယ်။

ဒါတွေကို ဆောင်ရွက်တဲ့နေရာမှာ မိမိစိုက်ပျိုးရာ
ဒေသရဲ့ ရာသီဥတု အပူချိန် စိုထိုင်းဆတွေကို
မိုးလေဝသဌာနအကူအညီနဲ့ ရယူထားပြီး ချိန်ဆ
ဆောင်ရွက်တတ်ဖို့လည်း လိုအပ်ပါတယ်။ ရန်
ကုန်နဲ့ မန္တလေးရဲ့ ရာသီဥတု အပူချိန် စိုထိုင်းဆ
တွေက များစွာကွာခြားသလို မြစ်ကြီးနားနဲ့ ကော
တောင်ကြီးမြို့နဲ့လည်း မတူ ခြားနားနေမှာ ဖြစ်ပါ တယ်။

မှိုပုံတွေအတွင်း အပူချိန် မြင့်တက်လာတဲ့အခါ
ပလတ်စတစ်အတွင်း ရှိနေတဲ့ အစိုဓာတ်ဟာ
ငွေ့ရည်ဖွဲ့ပြီး ပလတ်စတစ်အတွင်းမှာ ရေသီးရေ
ပေါက်တွေ တနည်းအားဖြင့် ချွေးသီးချွေးပေါက်
တွေ သီးနေတာ တွေ့ရပါလိမ့်မယ်။ အပူချိန် မြင့်
မားနေတာကို ဖေါ်ပြနေတဲ့ သဘာဝ ပြရုပ်တစ်ခု
ပဲ ဖြစ်ပါတယ်။ ဒီချွေးသီးချွေးပေါက်တွေ မှိုလုံး
လေးတွေပေါ်ကျသွားရင်ဖြင့် မှိုလုံးလေးတွေ
ပျက်ဆီးကုန်မှာ ဖြစ်ပါတယ်။

လေ့လာချက်များအရ ပျက်ဆီးရတဲ့အကြောင်း က နှစ်ချက်ရှိပါတယ်။ ပထမအချက်က ဒီချွေးသီး
ချွေးပေါက်တွေဟာ ပူနေပါတယ်။ နွေရာသီမှာ
ဆို အပူချိန်ဟာ ၄၅ အထက်မှာ ရှိနေပါတယ်။
ဒီအချက်ကြောင့် မှိုလုံးလေးတွေပေါ် ဒီချွေးသီး ချွေးပေါက်တွေကျတဲ့အခါ မှိုလုံးလေးတွေ အပူ
လောင်ပြီး ပျက်ဆီးကုန်တော့တာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ မှိုပုံတွေက ပလတ်စတစ်
အုပ်ထားတယ်မဟုတ်လား။ မှိုပုံအတွင်း မှိုနဲ့
တကွ တခြားသက်ရှိတွေရဲ့ Respiration ဖြစ်စဉ်
ကြောင့် ထွက်လာတဲ့ Carbondioxide တွေဟာ
ဒီပလတ်စတစ်အတွင်းစုမိ များပြားလာပြီး ချွေး
သီးချွေးပေါက်တွေအတွင်း ပျော်ဝင်လို့ Carbonic acid တွေ ဖြစ်လာ ဒါတွေက မှိုလုံး
လေးတွေပေါ်ကျ ဒီအခါ မှိုလုံးလေးတွေဟာ အပူ
လောင်ရုံမက Acid ပါလောက်ပြီး ဆက်မကြီး
ယိယော်ပျက်ဆီးကုန်တာ သတိပြုမိကြမှာ ဖြစ်
ပါတယ်။

ဒါ့ကြောင့် လေဝင်လေထွက်ကောင်းအောင်
အုပ်ဆိုင်းထားတဲ့ ပလတ်စတစ်ကို မကြာခဏ
လှပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်တာကို လေငြိမ်
နေတဲ့အချိန်မှာ လုပ်ပေးရပါမယ်။ အကြာကြီး
မလှပ်ပဲ ပြောင်းပြန်ပြန်လှန်လိုက်ရင်ကို ရပြီ
ဖြစ်ပါတယ်။ ဒီလို လှပ်ခြင်းကို လေတိုက်နေချိန်
မှာလုပ်လိုက်ရင်ဖြင့် မှိုပုံအတွင်း ရေငွေ့များ
ဟာ တိုက်လေနဲ့အတူ လွင့်ပါသွားပြီး စိုထိုင်း
ဆတွေ ချက်ချက်းကျဆင်းသွားမှာ ဖြစ်ပါတယ်။

ကောက်ရိုးမှိုစိုက်ပျိုးခြင်းအတွက် ပူပြင်းရာသီအတွင်း သတိပြုရမည့်အချက်များ

(အပိုင်း - ၃)

အန္တရာယ်အကင်းဆုံးနဲ့ အကောင်းဆုံးကတော့
ဘေးပတ်ပတ်လည်မှာ ၂ - ၃ စင်တီမီတာ အချင်း ရှိ အပေါက်တွေဖေါက်ထားတဲ့ ၈ - ၁၀ အချင်းရှိ
ပလတ်မစတစ်ပိုက်ကို မှိုပုံအခြေကို ထိုးသွင်းပေး
ထားခြင်းပဲ ဖြစ်ပါတယ်။ ပိုက်ဝကိုတော့ အုပ်ဆိုင်း
ပေးထားတဲ့ ပလတ်စတစ်အပြင်ကို ထုတ်ထား
ပေးရပါမယ်။ ဒီနည်းဟာ မှိုပုံတွေအတွင်း လေ
သစ်/Oxygen ကောင်းကောင်းရစေတာမို့ မှိုမျှင်
တွေရှင်သန်ပွါးများမှု့ကို ကောင်းစွာ အထောက်
အကူဖြစ်စေပါတယ်။ အမြဲတန်း လေသစ်ဝင် လေဟောင်းထွက် ရှိနေတာမို့ Carbondioxide
ပါဝင်နှုန်းကိုလည်း ပုံမှန်ထိန်းထားနိုင်ပါတယ်။
ဝါးလုံးကို အသုံးပြုနိုင်ပေမဲ့ အစိုဓာတ် အမြဲရှိနေ
မဲ့ ဝါးလုံးအပေါ် မှိုရိုင်းတွေ ကျရောက်လာနိုင်ပါ
တယ်။

မှိုပုံတွေကို ပလတ်စတစ်အုပ်တဲ့အခါ ဟိုးအစော
ပိုင်းအချိန်တွေတုံးက တိုက်ရိုက်အုပ်ခဲ့တာဖြစ်ပါ
တယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲ့ အချိန်တုံးက မှိုပုံတွေက အခုစိုက်နေကြတဲ့ ပျိုးဘောင်ပုံမျိုး မဟုတ်ပဲ စတုဂံပုံ စတုရန်းပုံ ရှိနေကြတာပါ။ ဒီအပေါ်တိုက်ရိုက်အုပ်ရတာကလည်း အပေါ် မျက်နှာပြင်က မထွက်ပဲ ဘေးနဲ့ အောက်ခြေ ကပဲ ထွက်လာကြတာ များလို့ပါ။ နောက်ပိုင်း အပေါ်
ကထွက်အောင် လုပ်လာနိုင်တာမို့ အဲ့မှိုတွေ
ပလတ်စတစ်နဲ့ထိ ပျက်ဆီးကုန်တာ တွေ့လာရပါ
တယ်။ ဒါနဲ့ပဲ ပလတ်စတစ်ကို တန်းခံအုပ်လာ တာ ဖြစ်ပါတယ်။ အခုအခါတော့ outdoor မှာ
ပျိုးဘောင်ပုံ အလွယ်စိုက် စိုက်နေကြတာ များ
လာပါတယ်။

ပလတ်စတစ် အုပ်မိုးတဲ့အခါ လှည်းပေါင်းမိုး
သဏ္ဌာန် အုပ်ခြင်းနဲ့ အိမ်ခေါင်မိုးသဏ္ဌာန် အုပ်
ခြင်းဆိုပြီး နှစ်မျိုးတွေ့နိုင်ပါတယ်။ လေ့လာချက်
များအရ အိမ်ခေါင်မိုးသဏ္ဌာန် အုပ်ခြင်းက ပို
ကောင်းပါတယ်။ ပူနေတဲ့ ချွေးသီးချွေးပေါက်တွေ
မှိုပုံပေါ် မကျတော့ပဲ စောင်းနေတဲ့ ပလတ်စတစ်
တလျောက် စီးဆင်းသွားပြီး မှိုပုံဘေး ပတ်ပတ်
လည်ကို ကျသွားလို့ပဲ ဖြစ်ပါတယ်။

ပလတ်စတစ် အုပ်မိုးပေးတဲ့အခါ ခံထားတဲ့တန်း
ကို ဝါးနဲ့ပဲ ဆောင်ရွက်ပေနိုင်ပါတယ်။ မှိုပုံရဲ့
အထက် ၁၅ - ၂၅ စင်တီမီတာ အကွာအဝေး
လောက်ထားရင် ရပါပြီ။

တန်းတော့ခံပါရဲ့ ဒါပေမဲ့ အတွင်းက ဘာမှ မခံပဲ
ပလတ်စတစ်ကိုသာတိုက်ရိုက်အုပ်ဆိုင်းပေးထား တာမျိုနဲ့ ပလတ်စတစ်အပေါ်ကနေ သက်ကယ်
ကောက်ရိုး ထန်းရွက် စတာတွေ အုပ်ဆိုင်းပေး
ထားတာမျိုး အများဆုံးတွေ့ရပါတယ်။ ပလတ် စတစ် အပေါ်ကနေ ခုဏပြောတာတွေ အုပ်ဆိုင်း
ပေးခြင်းက နေရောင်ခြည်ရဲ့ ဒဏ်ကို ကာကွယ်
ပေးသလို တိုက်ခတ်နေတဲ့ ပြင်ပလေရဲ့ဒဏ်ကို
လည်း ကာကွယ်ပေးပါတယ်။ အတွင်းကို အလင်းရောင်မကျရောက်စေတာကြောင့် မှိုလုံး တွေကိုလည်း အရောင်ဖျော့စေ ဖြူစေပါတယ်။ ဒါ့ကြောင့် အထူးလုပ်ဆောင်သင့်ပါတယ်။

ဒါပေမဲ့ မှိုပုံတွေကို ဒီလို ပလတ်စတစ်တိုက် ရိုက်အုပ်ဆိုင်ပေးတာထက် အဲ့ ပလတ်စတစ်အ တွင်းဖက်ကနေ ရေဆွတ် အစိုဓာတ်ပေးထားတဲ့
ပိတ်ကြမ်းစ ဂုံနီဖျင်စ တစ်ခုခုကို ပထမ အုပ်ဆိုင်း
ပေးပြီမှ ပလတ်စတစ်ကို အုပ်ဆိုင်းပေးသင့်ပါ
တယ်။ကုန်ကျစရိတ်နည်းစေဖို့အတွက် ကောက်
ရိုးဖျာကို ရေဆွတ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။
နွေရာသီအပူချိန် မြင့်မားမှု့ကိုလျော့ချပေးမှာဖြစ်
သလို ပူလောင်နေတဲ့ ချွေးသီးချွေးပေါက်တွေကို
လည်း ဒီ အသုံးပြုထားတဲ့ ပိတ်ကြမ်းစ ဂုံနီဖျင်စ
ကောက်ရိုးဖျာတွေက စုတ်ယူထားမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် မှိုပုံအတွင်း ပတ်ဝန်းကျင်လေထု ရဲ့ စိုထိုင်းဆကိုလည်း တိုးလာစေမှာ ဖြစ်ပါ
တယ်။ ရွံ့စေးမြေ စနယ်မြေ တွေမှာ စိုက်တဲ့ မှိုပုံ
တွေမှာ ပိုပြီးလုပ်ဆောင်ပေးသင့်ပါတယ်။

#crd..





Comments

Popular posts from this blog

ငရုတ်​စိုက်​နည်း နှင့်​ပြုစုနည်း

ငါးအမိုင်နို အက်စစ် Fish Amino Acid ( FAA ) ပြုလုပ်ပုံ

စိုက်​ပျိုး​ရေးvideosများ update(27.8.2017)