ခန်းပြင်ကောက်ရိုးမှို စိုက်ပျိုးနည်းအပေါ် လေ့လာသုံးသပ်ချက်နှင့် ဘဝအတွေ့အကြုံ (အပိုင်း-၁)
ခန်းပြင်ကောက်ရိုးမှို စိုက်ပျိုးနည်းအပေါ်
လေ့လာသုံးသပ်ချက်နှင့် ဘဝအတွေ့အကြုံ
(အပိုင်း-၁)
ဒီနေ့ နိုင်ငံတော်မှာ အဓိကစိုက်ပျိုးနေတာက
တော့ ကောက်ရိုးမှိုပါပဲ။ ငွေနှင်းမှို ငွေမိုးမှို ပြည်
သာယာမှို ကြွက်နားရွက်မှို ထပ်တစ်ရာမှို ရှီတာကီမှို မျောက်ခေါင်းမှို လင်ဇီးမှို စတာတွေ
လည်း စ်ုက်ကြပေမဲ့ ကောက်ရိုးမှိုနဲ့ယှဉ်ရင် နည်း
ပါတယ်။
ကောက်ရိုးမှို စိုက်ပျိုးနေတာကို လေ့လာကြည့်
ပြန်ရင်လည်း အဆောက်အဦးပြင်ပစိုက်ပျိုးခြင်း
Outdoor cultivation နဲ့ အများဆုံး စိုက်ပျိုးနေ
တာကို တွေ့ရပါတယ်။ ဒါကလည်း ဒီနည်းက
အများသူငါ စိုက်နိုင်တဲ့ ကုန်ကျစရိတ်နည်းပါး
တဲ့စိုက်နည်းဖြစ်သလို နည်းပညာလည်း အများ
ကြီးမလိုအပ်လို့ပဲ ဖြစ်ပါတယ်။
ဒီ အဆောက်အဦးပြင်ပစိုက်ပျိုးခြင်းနည်းက
အများသူငါ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ နည်း
ဖြစ်ပေမဲ့ စံနစ်တကျ ပိုးသန့်စိုက်ပျိုးရတဲ့နည်း
တော့မဟုတ်ပါဘူး။
ဒီလို စံနစ်မကျ ပိုးသန့်မှု့ မရှိတဲ့ စိုက်ပျိုးနည်း ဖြစ်တာမို့ မှိုထွက်မသေချာ မှိုမထွက် ရောဂါ
တွေ အကျများတဲ့ ပြဿနာရပ်တွေနဲ့ မှိုစိုက်
သူတွေ အမြဲရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါ့
ကြောင့် ဒါတွေဘာ့ကြောင့်ဖြစ်ရသလဲ ဘယ်လို
ရင်ဆိုင် ကာကွယ်ရမလဲဆိုတာ ကောင်းကောင်း
နားလည်ထားဖို့ လိုအပ်လှပါတယ်။
ကောက်ရိုးမှိုက စိုက်ရတာလွယ်တယ်။ ဆယ်
ရက်လောက်နဲ့ မှိုထွက်တယ်။ တခြားမှိုတွေနဲ့
ယှဉ်လိုက်ရင် ကုန်ကျစရိတ် သိပ်နည်းတယ်
ဆိုပြီး မလေ့လာ မစူးစမ်းပဲ စိုက်ဖို့တော့ စိတ်မကူး
ပါနဲ့။ ငွေတစ်သိန်းကျပ်ရင်းပြီး ငွေ သုံးသိန်း ပြန်
ရဖို့ မခက်သလို ငါးပြားတစ်စေ့မှ ပြန်မရနိုင်
အောင်လည်း အရင်းပြုတ် ဆုံးရှုံးသွားနိုင်ပါ
တယ်။
မှိုဆိုတာက ဆွေးမြေ့စားပင် Saprophytes တွေ
ဖြစ်ပါတယ်။ ဆွေးမြေ့ပျက်ဆီးနိုင်တဲ့ ဘယ်အရာ မျိုးမဆို ပေါ်မှာ မှိုပေါက်နိုင်ပါတယ်။ ချွင်းချက် တွေတော့ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် သိထားရမှာ က ကိုယ်စိုက်တဲ့မှိုက ဆွေးမြေ့စားပင် ဖြစ်သလို တခြားသော ရောဂါမှိုတွေကလည်း ဆွေးမြေ့စား ပင်တွေပဲဖြစ်တယ် ဆိုတာပါပဲ။
ဒါကြောင့် မှိုစိုက်ဖို့ အသုံးပြုမဲ့ ကောက်ရိုး ဗေဒါ
ငှက်ပျော ဝါစေ့ခွံ မြေပဲခွံ ကော်ဖီစေ့ခွံ ကြံကြိတ် ဖတ် ပြောင်း ဖွဲ နွားချေး မြင်းချေး စတဲ့ ဘယ်အရာ
မဆို တခြားမှိုရိုင်းတွေရဲ့ Spores လို့ခေါ်တဲ့ မျိုး
စေ့မှုန်တွေ ပါရှိနေနိုင်သလို မှိုစိုက်တဲ့အခါ အစို
ဓာတ်ရှိနေတော့မှာမို့ သူတို့လည်း ပေါက်ပွါးလာ
တော့မှာကတော့ အသေအချာပါပဲ။
ဒါ့ကြောင့် မှိုစိုက်သက်တမ်း ကြာလေလေ မှိုရော
ဂါတွေကို မရှင်းလေလေ မှိုရောဂါမျိုးစုံကို စု
ဆောင်းမိလာလေလေ ဖြစ်လာရတော့တာပါပဲ။
ငွေနှင်းမှို ကြွက်နားရွက်မှို လင်ဇီးမှို စတာတွေက
မှိုစိုက်ထုပ်တွေကို ပေါင်းအိုးကြီးတွေနဲ့ပေါင်းပြီး
ပိုးသန့်စိုက်ပျိုးကြတာမို့ ခန်းပြင်ကောက်ရိုးမှို
စိုက်တာလောက် မှိုရောဂါတွေမကျနိုင်ပါဘူး။
ဒါတောင် အထုပ်ပေါက်သွားရင် မျိုးထည့်တာ
မသန့်ရှင်းရင် ရောဂါကျနိုင်ပါသေးတယ်။
ဒါတွေကို နားလည်ထားပြီဆိုရင်တော့ ခန်းပြင်
ကောက်ရိုးမှိုစိုက်တဲ့အခါ ရောဂါကင်းနိုင်သမျှ
ကင်းတဲ့ ပင်ထွက်ပစ္စည်းတွေကို အသုံးပြု စိုက်
ပျိုးဖို့ သတိပြုနိုင်ပြီပေါ့။
ဥပမာပြောရရင် မှိုစိုက်ဖို့ ကောက်ရိုးကို အသုံး
ပြုမယ်ဆိုရင် မိုးမိအစိုဓာတ်ဝင် အောက်ဆော်
နံနေတဲ့ ကောက်ရိုးဆိုရင် ဒါ မှိုရိုင်းတွေကျနေ
တဲ့ ကောက်ရိုးပေပဲဆိုတာ နားလည်နိုင်ပါပြီ။
အောက်ဆော်နံတယ် ဆိုတာက ပုပ်အဲ့အဲ့ နှစ်လိုဖွယ် မရှိတဲ့ အနံ့ပေါ့။ မှိုရိုင်းတွေကြောင့်
ထွက်လာတဲ့အနံ့ပါ။
ဒီလိုပါပဲ မြင်းချေးနွားချေး ဆိုရင်လည်း အများ
ဆုံးတွေ့နေရတာက အမှိုက်တွေနဲ့ စံနစ်မကျ
ပုံထားတာတွေက များပါတယ်။ ဒါတွေကို ယူသုံးမယ်ဆိုရင် သေချာပေါက် မှိုရောဂါတွေ ပါလာမှာ ဖြစ်ပါတယ်။ ငါတို့ ဒါတွေပဲ သုံးနေတာ
မှိုထွက်နေတာပဲလို့ တချို့က ဆင်ခြေပေးကြပါ
တယ်။ မှန်ပါတယ် မှိုကတော့ ထွက်မှာပါပဲ။ ပါ
လာတဲ့ မှိုရိုင်းတွေရဲ့ အတိမ်အနက်ပေါ် မူတည်
ပြီး ကံကောင်းလို့ရောဂါကင်းတာဆို မှိုများများ
ထွက်နိုင်ပေမဲ့ ပါလာတဲ့ရောဂါတွေ များရင်တော့
ကိုယ်လိုချင်တဲ့မှို နည်းနည်းပဲ ထွက်လာတော့ မှာ ဖြစ်ပါတယ်။
ကောက်ရိုးမှိုဟာ အပူချိန် ၂၉ - ၃၂ စင်တီဂရိတ်
ကြားမှာ အကောင်းဆုံးဖြစ်ပြီး စိုထိုင်းဆကတော့
၈၅ - ၉၅ ရာခိုင်နှုန်းကြားမှာ ရှိရပါမယ်။ ခန်းတွင်း စိုက်ပျိုးနည်းမှာတော့ ဒီလိုအပ်တဲ့ အပူချိန်နဲ့ စိုထိုင်းဆတွေကို ထိန်ညှိကရိယာတွေနဲ့ ထိန်းညှိ ပေးထား တစ်ခါ မှိုစာတွေကလည်း လုံးဝ ပိုးသန့် နေတာမို့ မှိုထွက်နှုန်းက ခန်းပြင်စိုက်ပျိုးနည်း ထက် အဆများစွာ သာလွန်နေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီ ခန်းပြင်စိုက်ပျိုးနည်းမှာတော့ အပူချိန်
နဲ့ စိုထိုင်းဆကို ထိန်းညှိပေးထားနိုင်ခြင်းမရှိပဲ
သဘာဝပတ်ဝန်းကျင် ရာသီဥတုအပေါ်မှာသာ
အမှီပြု စိုက်ပျိုးရတာမို့ မှိုထွက်နှုန်းက မသေမချာ
ဖြစ်ရပါတယ်။ ရာသီဥတုကောင်းနေရာက မုန် တိုင်းမိုးကျပြီး လေးငါးဆယ်ရက် နေ့နေ့ညည
မိုးတွေဆက်တိုက်အုံ့နေရွာနေပြီဆိုရင်တော့
အပူချိန်တွေကျပြီး မှိုထွက်လာတော့မှာ မဟုတ်
တော့ပါဘူး။ တချို့မှိုစိုက်သူတွေက ဒါကို မှိုပုံ
တွေ အအေးပတ်သွားပြီလို့ ပြောဆိုသုံးနှုန်းကြ
ပါတယ်။ ဒါပေမဲ့ ဒီအတွက် အပူချိန်တက်လာ အောင် အပူချိန်မကျအောင် ဘယ်လိုကာကွယ်
ပြုပြင်ပေးရမယ်ဆိုတာတော့ နားမလည်ကြပါ ဘူး။
ဒါ့ကြောင့် သဘာဝရာသီဥတု အပူချိန် စိုထိုင်းဆ
တွေမှာ မိမိမှိုပုံတွေ အဆင်ပြေပြေ ဖြစ်ထွန်းလာ မလားဆိုတာ ဘာကရိယာတန်ဆာပလာမှ မပါ
ပဲ ကောင်းကောင်းကြီး ကြည့်တတ် သိတတ် သုံးသပ်တတ်ရမှာ ဖြစ်ပါတယ်။

(အပိုင်း - ၂)
ဥပမာပြောရရင် ကောက်ရိုးမှိုစိုက်ပျိုးပြီး နောက်
တစ်နေ့ မှိုပုံတွေကို လှပ်ကြည့်လိုက်တဲ့အခါ မိမိ
မျက်နှာကို အပူငွေ့ဟပ်ပြီး နွေးကနဲ မဖြစ်တာ
တွေ ကြုံဖူးကြမှာပါ။ ဒါဟာ ရာသီဥတုအခြေအ နေကို မလေ့လာပဲ စိုက်လိုက်မိတဲ့အခါ ကြုံတွေ့ရ
တဲ့ ပြဿနာတစ်ခုပါပဲ။ မုန်တိုင်းမိုးမို့ ရက်ဆက်
မိုးတွေရွာ အပူချိန်တွေ နင်းကန်နိမ့်ကျနေခိုက်
စိုက်ပျိုးမိတာပါ။ အဲအခါမျိုးဆို အပူချိန်က ၁၅
ထက်တောင် နိမ့်ကျနေတာမို့ ထည့်လိုက်တဲ့
မျိုးတွေ ဘယ်လောက်ကောင်းကောင်း ပွါးများ
ရှင်သန်လာမှာမဟုတ်တော့ပါဘူး။
ဒီလိုပါပဲ မှိုပုံတွေရဲ့ အစိုဓာတ်ကိုလည်း သိရှိ
နားလည် ထိန်းသိမ်းပေးထားတတ်ရပါမယ်။
မှိုပုံတွေရဲ့ စိုထိုင်းဆဟာ တညီတညာတည်း
ရှိနေဖို့ လိုအပ်ပါတယ်။ မှိုကထွက်နေပြီ ဒီတော့
မှ အစိုဓာတ်လိုတယ် ရေလိုတယ်ဆိုပြီး ရေတွေ
လောင်းပေးလို့ မရပါဘူး။ ကောက်ရိုးမှိုစိုက်တာ
ဟာ ဗူးပင်စိုက်တာ မဟုတ်ပါဘူး။ ဗူးပင်စိုက်
တာက ဒီနေ့ရေလောင်းလည်းရတယ် မလောင်း
လည်းရတယ်။ ထပ်ခါထပ်ခါလောင်းမိလည်း
ပြဿနာ မရှိလှပါဘူး။ ကောက်ရိုးမှိုကတော့
အဲ့လိုများ လောင်းမိရင် ထွက်လာနေတဲ့ မှိုလုံး လေးတွေ ပျက်ဆီးကုန်တော့မှာ သေချာပါ
တယ်။ တစ်ခါ ရေတွေများ အစိုဓာတ်တွေ များ
နေပြီအထင်နဲ့ ပလတ်စတစ်ကို လှပ်ထားပေးလို့
လည်း မရပါဘူး။ အညာဒေသမှာဆို ပြင်ပလေ က စိုထိုင်းစ နည်းနေတဲ့ လေခြောက်ကြီးမျိုး
ဖြစ်နေတတ်တာမို့ မှိုပုံတွေခြောက် စိုထိုင်းဆ တွေကျပြီး ပျက်ဆီးတော့မှာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိ မှတ်သားထားချက်များအရ မှို
လုံးလေးတွေရဲ့ သဘာဝ အနေအထားကို
ကြည့်ပြီး မိမိမှိုပုံရဲ့ အပူချိန်နဲ့ စိုထိုင်းဆကို ခန့်
မှန်းတွက်ချက်လို့ရနိုင်ပါတယ်။
မှိုလုံးလေးတွေဟာ ကြက်ဥပုံသဏ္ဌာန် ရှိနေပြီး
အပေါ်က အုပ်ထားတဲ့ အမြှေးပါး volva က ပါး
ပါးလွှာလွှာလေး ဖြစ်နေမယ်ဆိုရင်တော့ ဒီမှိုပုံ
ဟာ အပူချိန်ကော စိုထိုင်းဆကော ပုံမှန်အနေ
အထားမှာရှိနေမယ်လို့ သပ်မှတ်ရမှာ ဖြစ်ပါတယ်။
ဒီအချိန်မှာ အပူချိန်က ၃၂ - ၃၅ မှာရှိနေပြီး စို
ထိုင်းဆကတော့ ၈၅ - ၉၅ မှာ ရှိနေပါလိမ့်မယ်။
ဒီနေရာမှာ မှိုလုံးတွေက မည်းနေရင် မှိုပုံတွေ
ထဲကို အလင်းရောင် ဝင်ရောက်လို့ဖြစ်ပြီး မှိုလုံး
တွေ ဖြူနေရင်ကတော့ မှိုပုံတွေအတွင်း အလင်း
ရောင် ဝင်ရောက်မှု့ နည်းလို့ ဖြစ်ပါတယ်။
မှိုလုံးလေးတွေ ပုကွကွနဲ့ မာမာလေး ဖြစ်နေရင်
ကတော့ အပူချိန် လိုအပ်တာထက် မြင့်တက်နေ
ပြီး စိုထိုင်းဆကတော့ လိုအပ်တာထက် နိမ့်ကျ နေလို့ ဖြစ်ပါတယ်။ အပူချိန် ၃၇ - ၃၈ စိုထိုင်းဆ
၇၀ - ၇၅ ဆို ဒါမျိုး ဖြစ်တတ်ပါတယ်။ စိုထိုင်းဆ
ကော အပူချိန်ကော မြင့်တက်နေရင်တော့ မှို
လုံးတွေပေါ်မှာ မှိုမျှင်တွေ ဖြာထွက်နေပြီး သိုး
မွှေးလုံးကြီးလို ဖြစ်နေပါလိမ့်မယ်။ အပူချိန် ၄၀
ကျော်သွားရင် ဒါမျိုးဖြစ်တာ တွေ့နိုင်ပါတယ်။
အပူချိန် ဒီ့ထက်ပိုပြီး စိုထိုင်းဆကတော့ လိုအပ်
ဆာထက် နိမ့်ကျနေမယ်ဆိုရင်တော့ ဆိုလိုတာ
က အပူချိန် ၄၂ - ၄၅ နဲ့ စိုထိုင်းဆ ၅၀ - ၅၅ ဖြစ်
လာရင် မှိုတွေက ပုကွကွ ဖြစ်လာပြီး ကန့်လန့်
ဖြတ် အက်ကွဲလာတတ်ပါတယ်။ အပေါ်ကအုပ်
ထားတဲ့ အမြှေးပါး volva က ပါးပါးလွှာလွှာဖြစ်
မနေပဲ ထူထူကြီး ဖြစ်နေပါလိမ့်မယ်။
နွေရာသီ မြင်းချေး လတ်လတ်ဆတ်ဆတ်တွေ သုံး မှိုပုံတွေရဲ့ ပတ်ဝန်းကျင်မြေသားကလည်း ခြောက်သွေ့နေတဲ့အခါဆိုရင်တော့ မှိုလုံလေး တွေဟာထွက်တော့လာပါရဲ့ ဒါပေမဲ့ ဆက်မကြီး လာတော့ပဲ ဝါခြောက်လို့ သေဆုံးသွားတော့မှာ ဖြစ်ပါတယ်။ အပူချိန် ၄၆ - ၄၈ စိုထိုင်းဆ ၄၀ - ၅၀
ဆို ဒါမျိုး ဖြစ်လာတတ်တော့တာပါပဲ။
မှိုတွေထွက်လာတုံးကတော့ မူမှန်ပုံမှန်ပါ ဒါပေမဲ့
နောက်ရက်တွေရောက်တော့ နေ့ကောညကော
ရက်ဆက် မိုးတွေရွာ မိုးတွေအုံ့ အပူချိန်တွေ
ရုတ်တရက် နင်းကန်နိမ့်ကျသွားရင်ကတော့
မှိုလုံးလေးတွေ ဆက်မကြီးလာတော့ပဲ ဗူးခါးသီး
ပုံ ပေါက်လာပါလိမ့်မယ်။ ကိုင်ကြည့်ဖျစ်ကြည့်
လိုက်ရင် ပျော့အိသွားပြီး အရည်တွေ ထွက်လာ ပါလိမ့်မယ်။ ဒီလိုအခါမျိုးမှာ အပူချိန်က ၁၅ ဝန်း ကျင်လောက်သာရှိပြီး စိုထိုင်းဆက ၉၅ နဲ့ အ ထက် ဖြစ်နေပါလိမ့်မယ်။
ဒါတွေကတော့ တွေ့ရှိဖြစ်ပျက်သမျှတွေကို
ပတ်ဝန်းကျင်နဲ့ယှဉ်ပြီး လေ့လာမှတ်သားထား
ချက် ဖြစ်ပါတယ်။ မှိုစိုက်သူတိုင်းဟာ မှိုထွက်
ရင် ထွက်သလို မထွက်ရင်လည်း မထွက်သလို
ထူခြားမှု့ရှိရင်လည်း ထူးခြားမှု့ရှိသလို လေ့လာ
သုံးသပ် မှတ်သားထားသင့်ပါတယ်။
ပလတ်စတစ် အုပ်ထားတဲ့ မှိုပုံတွေအတွင်း respiration နဲ့ fermentation ဖြစ်စဉ်များ
ကြောင့် carbondioxide တွေ ထွက်လာမှာ ဖြစ်ပါတယ်။ မှိုပုံတွေဟာ လေဝင်လေထွက်
လုံးဝ မရှိရင် အဲ့ဒီ ထွက်လာတဲ့ carbondioxide
တွေဟာ များများလာပြီး မှိုပုံကို အုပ်ထားတဲ့
ပလတ်စတစ်အတွင်း ရေငွေ့မှာ ပျော်ဝင်ပြီး
carbonic acid တွေ ဖြစ်လာတော့မှာ ဖြစ်ပါ
တယ်။ ဒီအခါ မှိုလုံးလေးတွေဟာ acid လောင်
ပျက်ဆီးပြီး ဆက်မကြီးပဲ သေဆုံးသွားတော့မှာ ဖြစ်ပါတယ်။
ကောက်ရိုးမှို စိုက်တဲ့အခါ မြင်းချေး နွားချေးတွေ
ထည့်လွန်းအားကြီးတာမို့ မြင်းချေးမှို နွားချေးမှို
လို့တောင် တချို့က ခေါ်နေကြပါပြီ။ သူများနိုင်ငံ တွေမှာ ကောက်ရိုးမှိုစိုက်တာ မြင်းချေးနွားချေး
တွေ ထည့်မသုံးပါဘူး။ နိုင်ငံမှာ အစပိုင်း စိုက်
ကြတုံးကလည်း ထည့်မစိုက်ကြပါဘူး။ ဗဟုသု
တအနေနဲ့ ပြောပြရင် ဒီမြင်းချေးနွားချေး manure
တွေ ထည့်သုံး စိုက်ပျိုးရတဲ့ မှိုက Agaricus မျိုး
စုဝင် မှိုတွေသာပဲ ဖြစ်ပါတယ်။
ဒါဆို ကောက်ရိုးမှိုစိုက်တာ မြင်းချေးနွားချေး ထည့်သုံးရမှာလား။ မထည့်ရဘူးလား။ မေးစရာ ဖြစ် လာပါပြီ။ ဒီမေးစရာကို မဖြေခင် ဒီမြင်းချေး နွား ချေး ဇတ်လမ်းလေးကိုတော့ သိထားသင့်
လှပါတယ်။
ခန်းပြင်ကောက်ရိုးမှိုစိုက်ပျိုးနည်းအပေါ်
လေ့လာသုံးသပ်ချက်နှင့် ဘဝအတွေ့အကြုံ
(အပိုင်း - ၃)
မှိုစလုပ်တာ ၁၉၇၅ ခုနှစ်။ လုပ်ရတာက ဒီလို။
တတိယနှစ် ကျောင်သားဘဝ ကျောင်းစာကြည့် တိုက်ကနေ သစ်ခွနဲ့ပတ် သက်တဲ့စာအုပ်လေး လေ့လာခွင့်ရခဲ့တယ်။ စာအုပ်ထဲမှာ ပုံတွေက အများကြီး။ ရောင်စုံတွေနဲ့။ လှမှလှ။ ဒီစာအုပ် လေးနဲ့တင် သစ်ခွစိုက်ချင်လာတာ။ တောထဲ
သွား သစ်ခွတွေခွာလာ သစ်တုံးတွေပေါ်ကပ် ပန်းအိုးတွေထဲ ထည့်စိုက်ပေါ့။ မေမြို့ဈေးထဲလာ
ရောင်းတဲ့ သစ်ခွပင်လေးတွေလည်းဝယ်ပေါ့။
ဆရာကြီး ဒေါက်တာတင်မြင့်က အားပေးရှာ
တယ်။ ဘွဲ့လွန်က thesis လုပ်နေတဲ့ အစ်ကိုကြီး
ကိုကိုဦး တောထဲအပင်ကောက်သွားတိုင်း ခေါ်
ရှာတယ်။ ရဲရမန်းလည်းရောက် ပြဒါးလင်းဂူ လည်းရောက် ပြင်စာတောထဲလည်းရောက် အစုံ ပါပဲ။
သစ်ခွတွေက စိုက်တာထားတာ ပွင့်လည်းမပွင့်ပါ ဘူး။ နွေရာသီ April, May လောက်မှ တစ်ပွင့်စ
နှစ်ပွင့်စ ပွင့်လာတာ။ ဒါကိုပဲ ပျော်လိုက်ရတာ
လေ။ အခုနေ ပြန်တွေးမိ ရေးမိတော့ ကိုယ့် တက္ကသိုလ် ကိုယ့်ဆရာတွေကို လွမ်းလိုက်တာ။ တစ်နေ့က အဖြစ်အပျက်လေးတွေလိုပါပဲ။
ဆရာ ဦးလှအေးကပြောတယ်။ မင်းသစ်ခွမလုပ်
နဲ့ မင်းစိုက်တဲ့သစ်ခွတွေက အရိုင်းတွေ တစ်နှစ် လုံးလည်း ပွင့်တာမဟုတ်ဘူး။ စိုက်နေတဲ့သစ်ခွ
တွေကလည်း ဈေးကြီးမှကြီး အဲဒီ သစ်ခွတွေ ပွင့်လာတော့လည်း မင်းတို့ဆရာမတွေတောင်
ဝယ်မပန်နိုင်ဘူး။ ဒါက ငွေရှိသူတွေလောက်သာ သုံးနိုင်တာ။ ဘွဲ့ယူ မင်္ဂလာဆောင် လောက်မှာ သာ သုံးတာ။ မှိုစိုက်ကြည့်စမ်း။ မှိုကမှ ကျား-မ လူကြီးလူငယ်မရွေး သုံးနိုင်တယ်။ စေတနာ မေတ္တာနဲ့ ပြောပြလာတာနဲ့ မှိုဖက် စိတ်ရောက် သွားပါလေရော။
မှိုတာစလုပ်တော့ စိုက်ပျိုးတာနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းလည်းမရှိ လေ့လာစရာလည်းမရှိ
ကျောင်းနဲ့ ဌာနစာကြည့်တိုက်က Mycology ဆိုတဲ့ မှိုပညာစာအုပ်တွေသာ ရလို့ အဲဒါတွေသာ
ဖတ်ရတယ်။ ဆရာ ဦးမောင်မောင်မြင့်က မင်းက
စာဂျပိုး Microbiology လည်းဖတ် ဆိုတာနဲ့ ရှာ
ဖွေဖတ်ရပြန်ကော။ စာဆိုတာက ဖတ်လေလေ
အကျိုးရှိလေလေပါပဲ။ ဖတ်ရုံနဲ့တော့မရဘူး။
ဖတ်ပြီး ဝေဘန်သုံးသပ် ကိုယ့်အတွက် ကိုယ့်ဦး နှောက် ထပ်ဖြည့် ဆိုးကောင်း ရှာတတ်ရတယ်။ ကျွန်တော်ကတော့ ထမင်းစားလည်း စာဖတ်
တယ်။ အိမ်သာတက်လည်း စာဖတ်တယ်။ စာအုပ်ပါမှ အဆင်ပြေတယ်။
စာသိပ်ဖတ်တဲ့ တပည့်လေးတစ်ယောက်ရှိတယ်။
ကိုဆွေမောင် တဲ့။ သူက တစ်နေ့တော့ ရန်ကုန်
လမ်းဘေးက ဝယ်လာတာဆရာ ဆိုပြီး အဖုံးမပါ
တဲ့ စာအုပ်လေးတစ်အုပ် လာပေးတယ်။ ဆယ့် နှစ်ရာသီ မှိုစိုက်ပျိုးနည်းနဲ့ မွေးမြူနည်း တဲ့။ ရှု့မဝ စာအုပ်တိုက်က ထုတ်တာ။ ဘယ်နှစ်ခုနှစ်က ထုတ်တာမှန်း မသိရဘူး။ စာအုပ်ကလေးက အဖုံး မရှိတော့ဘူး။ ဒါလေးဖတ်ရတော့ အား မာန်သစ်တွေရလာတယ်။
ကျောင်းစာကြည့် တိုက်က စာကြည့်တိုက်မှူး ဆရာကြီး ဦးမောင်မောင်က စာဖတ်တဲ့ကျောင်း သားဆိုပြီး သိပ်ခင်တာ။ သူက "ကြိုးစားသား စာဖတ်တဲ့ကောင်ဆို ငါသိပ်ချစ်တယ်" ဆိုပြီး Mycology နဲ့ ပတ်သက် တဲ့ စာအုပ်တွေ နောက်ပိုင်း Cultivation of Mushroom ဆိုတဲ့ စာအုပ်မျိုးစုံကို ရှာပေးတယ်။
စာတွေဖတ် ဟိုလုပ်ဒီလုပ် လျောက်လုပ်တယ်။
ဘယ်ရမလဲ။ လုပ်သမျှ ဘာတစ်ခုမှ မအောင်မြင်
ဘူး။ တစ်ခါလုပ်တယ် မရဘူး။ နောက်တစ်ခါ ထပ်လုပ်တယ်။ မရဘူး။ ဒီနေရာမှာ မာန ဇွဲနဲ့ စိတ်ပါဝင်စားမှု့က ကျရှုံးမှု့ မဖြစ်ဖို့ ကျားကန်
ထားပေးတယ်။ ဘာ့ကြောင့် မဖြစ်လဲ ပြန်သုံးသပ်
တယ်။ ပြီး ထပ်လုပ်တယ်။ မရပါဘူး။ မရရင် ရ
အောင်ထပ်လုပ်တယ်။ အရှုံးမပေးဘူး။ ဒီလိုနဲ့
၇၅ မှာလုပ်တာ သရုပ်ပြဆရာ Demonstrator ဖြစ်တဲ့ ၈၀ ခုနှစ်ကျ အောင်မြင်သွားပြီ။
ဒီ ၇၅ ကနေ ၈၀ ကြားမှာတော့ အားပေးသူ
ကူညီလုပ်ကိုင်ပေးသူ ဟားတိုက်ရယ်မောသူ
အမျိုးမျိုးနဲ့ ကြုံခဲ့ရတယ်။ လူ့လောကရဲ့ သဘာ
ဝပါပဲ။ "စာဖတ်တဲ့ကောင် စာဂျပိုး" လို့ပြောတော့ ဘဝင်မြင့်သွားတယ်။ "အောင်ကျော်ဦး အရူး
အလကားကောင်" ဆိုပြန် တော့ အားမာန်တွေ ရလာတယ်။
ဒါတွေပြောပြနေတာက အလကားမဟုတ်ဘူး။
ဒီနေ့ မှိုစိုက်နေတဲ့ မှိုစိုက်ချင်နေတဲ့ လူငယ်တွေ အတွက် အားမာန်ဖြစ်စေဖို့ပါ။
ခန်းပြင်ကောက်ရိုးမှိုစိုက်ပျိုးနည်းအပေါ်
လေ့လာသုံးသပ်ချက်နှင့် ဘဝအတွေ့အကြုံ
(အပိုင်း-၄)
တက္ကသိုလ်ကျောင်းသားဘဝ ကျေးဇူးရှင် ဆရာ တွေက အားပေးသမှု့ကြောင့် မှိုစလုပ်တာ
၁၉၇၅ ပေါ့။ အဆင့်-၁ tissue culture လုပ်တာ အဆင့်-၂ grain spawn လုပ်တာတွေ ကောင်း ကောင်း အောင်မြင်မှု့ရခဲ့တာက ၇၈ - ၇၉။ ဒီလို
နဲ့ စိုက်တဲ့အဆင့်ရောက် မှိုတွေထွက်လာတာက
၈၀-ခုပေါ့။ ဒီနှစ်မှာ တက္ကသိုလ်ဆရာ သရုပ်ပြ demonstrator ဖြစ်လာတဲ့နှစ်ပေါ့။ ပြောချင်တာ
က ဘာမှမသိ မလုပ်တတ်သေးတော့ ခက်ခဲ
လိုက်တာ စာတွေဖတ် များများဖတ် ဝေဘန်
သုံးသပ် ဇွဲနဲ့ အလုပ်လုပ် ဒါဆို နောက်ဆုံးမှာ
အောင်မြင်ရမှာပဲ။ နားလည်သွား တတ်သွား အောင်မြင်သွားတော့လည်း လွဟ်လွယ်လေး။
သရုပ်ပြဆရာ မဖြစ်ခင် ဘွဲ့လွန်စတက်တဲ့ ၇၈
ကတည်းက အဆောင်မှာ အဆောင်နည်းပြ လုပ်ရသေးတယ်လေ။ မန္တလေးတက္ကသိုလ် "ရာကျော်ဆောင်" မှာပေါ့။ လစာ ၅၀-ကျပ် ရတယ်။ အဆောင်မှူးက ဦးမောင်မောင်မြင့် ကျေးဇူးရှင်စစ်စစ်။ အစစအားပေးတယ် ဖေးမ ကူညီတယ်။
သရုပ်ပြမရခင် ကြားမှာ မန္တလေးတက္ကသိုလ်
အဝေးသင်ဌာနခွဲ ဖွင့်တော့ အဲ့မှာ တစ်နေ့
၃-ကျပ် ပြား ၅၀ နဲ့ အဆောင်နည်းပြ ဘွဲ့လွန်
တက်သူအားလုံးကို ပါမောက္ခချုပ် ဆရာကြီး
ဦးကျော်မြင့်က အလုပ်ခန့်တယ်။ ရာထူးက "လက်ထောက်စာစဉ်အုပ်" ဆိုတဲ့ရာထူးနဲ့ပေါ့။ အဆောင်နည်းပြ hall tutor အပြင် နောက်ထပ် အလုပ်ထပ်ရတော့ ပျော်လိုက်တာ။ မပျော်နေ မလား။ ရတဲ့ငွေလေးနဲ့ ကိုယ်လုပ်ချင်တဲ့ မှိုကိစ္စ တွေ ကောင်းကောင်း လုပ်နိုင်သွားတာကိုး။
၇၉ မှာ "ရာကျော်ဆောင်" ကနေ "နဒီဆောင်"
ကို ဆရာဦးမောင်မောင်မြင့်ပြောင်းတော့ သူ့
တပည့် ကျွန်တော်လည်း ဆရာနဲ့အတူ လိုက်ခဲ့ ရတာပေါ့။ ဆရာက အားပေးလို့ အဲ့နဒီဆောင် ရောက်တော့ မှိုစစိုက်တာ။
မှိုစလုပ်တာက ကောက်ရိုးမှိုပေါ့။ ဒါကလည်း ဆရာ စံထွန်းအောင် ရေးထားတဲ့ "ဆယ့်နှစ်ရာသီ မှိုစိုက်ပျိုးနည်းနှင့် မှိုမွေးမြူ နည်း" စာအုပ်ကလေး ကြောင့်ပါပဲ။ စာအုပ်ကလေးက စုတ်စုတ်လေး အဖုံးမပါဘူး။ ထုတ်ဝေတဲ့ ခုနှစ်လည်းမသိရဘူး။ စိတ်အထင် ဖဆပလ ခေတ်က ထုတ်ခဲ့တာလား မသိ။ အတော်ကြီးကို ဟောင်းနွမ်းနေပြီ။
ဒီစာအုပ်ကလေးကိုဖတ် ဟိုရွာဝင် ဒီရွာထွက်
ကောက်ရိုးမှို ရှာပုံတော်ဖွင့်ရတာ။ တွေ့တော့
ကြာနီကန်ရွာက ကောက်ရိုးပုံ အကြီးကြီးရဲ့
အောက်အခြေက။ အဲဒါနဲ့ စခဲ့တဲ့ ဇတ်လမ်း။
နဒီဆောင်မှာ စစိုက်တော့ မှိုစာပုံကြီးတွေက
အကြီးကြီးတွေ။ အလျား ၁၂-ပေ အနံ ၄-ပေ
အမြင့်က ၄-ပေရှိတယ်။ ဒီ စာအုပ်ကလေးက
ကျွန်တော့်အတွက် ဆရာပါပဲ။ မှိုထွက်လာတော့ ထူးဆန်းအံ့သြော ဖွယ်တစ်ခုအနေနဲ့ ကျောင်း သား-ဆရာ အားလုံး ဝိုင်းအုံကြည့်ကြတာပေါ့။ ဒီနေ့ခေတ်လိုဆိုရင် တော့ fb ထဲမှာ ပလူပြန်နေ
ပြီပေါ့။
အဆောင်မှူးဆရာဦးမောင်မောင်မြင့်က ကိုယ့် ဆရာဆိုတော့ ကိုယ့်ထက် လဒ်မြင်တယ်။ အပုံ
ဘေးပတ်ပတ်လယ်က မှိုတွေ ထွက်လာတာမို့
ပိုထွက်အောင် မင်းမှိုပုံကို သုံးပိုင်းပိုင်းလိုက်
ပြောတာနဲ့ ဆရာပြောတဲ့အတိုင်း သုံးပိုင်းပိုင်းပြီး
၃-ပေပတ်လည် အမြင့် ၃-ပေဖြစ်သွားကော။
နောက်တစ်ခါ မင်းမှိုတွေက အောက်ခြေက ထွက်တာများတယ် ကောက်ရိုးချွေတာရအောင်
အပုံကို နိမ့်နိမ့်စိုက် ဆိုလာပြန်တော့ စာအုပ်က လေးထဲကနည်းတွေ ပစ်ပယ်လို့ အပုံပုပုလေး တွေ ဖြစ်လာပြန်တယ်။
ဒီကြားထဲမှာ ကောက်ရိုးထုံးတွေကို သုံးချက် စည်း အထုံးတွေလုပ် ဖင်ပြန်ခေါင်းပြန် စီရပြန် တော့ အချိန်ကုန် အလေအလွင့်ကလည်းရှိသမို့
အလျား အနံ အမြင့် ၃-ပေရှိတဲ့ ပုံစံခွက်ကလေး ဆရာက လုပ်ပေးလာတယ်။ အဲ့ထဲ ရေစိမ်ထား တဲ့ ကောက်ရိုးတွေထည့် တက်နင်း မျိုးထည့် ပြည့်တော့ နှစ်ယောက်သား ဆွဲချွတ်ကြတာ
ဘယ်ကျွတ်ပါ့မလဲ။ ဇလားက ထက်-အောက် အတည့်ကြီးကိုး။ ဒါနဲ့ အောက်ခြေ ၃-ပေပတ်
လည် အပေါ် ၂-ပေခွဲပတ်လည် ဖြစ်သွားပြန်
ကော။
ကျွန်တော့်အခန်းက ထမင်းစားဆောင် တောင်
ဖက်ခြမ်းမှာ။ ရှေ့တစ်ဝက်က ဧည့်ခန်း ကျန်တ
ဝက်က ကျွန်တော့်အခန်း။ ထမင်းစားဆောင်
နောက်ဖက်မှာက ချက်ပြုတ်ခန်းရှိတယ်။ သူ့ တောင်ဖက် ၁၂-ပေလောက်အကွာမှာက မီးထိုး စာ လွှစာဂိုဒေါင်ပေါ့။ ဒီနှစ်ခုကြား နေရာလွတ်က ကျွန်တော့် အခန်းရဲ့ နောက်တည့်တည့်မှာရှိပြီး ပြူတင်း ပေါက် ဖွင့်လိုက်တာနဲ့ မြင်နေရတယ်။ စစိုက်တာကတော့ ဒီနေရာမဟုတ်ဘူး တခြား တစ်နေရာ။ အဲနေရာ စိုက်တော့ ခွေးတွေက တက်ဆော့ အဆောင်ထဲဝင်လာတဲ့နွားတွေက နင်းနဲ့ပေါ့။ ဒါနဲ့ မဖြစ်တော့ဘူး နေရာပြောင်းမှ ဆိုပြီး မီးဖိုနဲ့လွှစာဂိုဒေါင်ကြား ရောက်လာတာ။
ပြောပြရအုံးမယ် ဟိုတခေတ်က ကျောင်းသား
အဆောင်လုပ်သားတွေရဲ့ အကျင့်စာရိတ္တ။ ကျွန်တော် မှိုစလုပ် မှိုစစိုက်တော့ ဝိုင်းအုံကူညီ ကြတာ။ မှိုထွက်လာတော့လည်း အထူးအဆန်း ဝိုင်းအုံကြည့်ကြတာ။ ဒါပေမဲ့ လက်ဆော့သူ တစ် ယောက်မှ မရှိခဲ့ဘူး။ မှိုတစ်လုံးမှလည်း အ ပျောက်အရှမရှိခဲ့ဘူး။ မှိုခူးရင် ဝိုင်းအုံလာကြပြီး ဘေးကနေ ငေးလို့။ သိပ်ချစ်စရာကောက်းတဲ့ တပည့်တွေပါပဲ။ အဲဒီ ထဲမှာ အမှတ်အရဆုံးက မြစ်ကြီးနား တဖက်ကမ်း ဝိုင်းမော်လား ခတ်ချို လား အဲ့က "ကိုစိုင်းအေးထွန်း" သိပ်စာတော်ပြီး အစစ ကူညီပေး လုပ်ကိုင် ပေးတဲ့တပည့်။ မသေ ခင် ပြန်လည် တွေ့ချင်စမ်းပါဘိ။
မီးဖိုနဲ့ လွှစာဂိုဒေါင်ကြားမှာ အစောပိုင်းက ကြက်
မွေးလိုက်သေးတယ်။ ဆရာကြီး ဒေါက်တာတင်
မြင့်သား "အောင်အောင်" က ကြက်မွေးတော့ ကြက်ပေါက်စလေးတွေမြင် ချစ်စရာလေးတွေမို့ ကြက်မွေးချင်တာ။ ဒါနဲ့ "အောင်ထွန်းကြက်ခြံ မှာ ကြက်ပေါက်ကလေးတွေ ဝယ်ရတယ်ဆိုတာနဲ့ သွားဝယ်တာ။ ချက်ချင်းမရဘူး စာရင်းပေး ထားရမယ်ဆိုလာတယ်။ ဦးဝင်းကြည် ရေးတဲ့
မွေးမြူရေးစာအုပ်ဝယ်ဖတ်တော့ "ကြက်ဥဖေါက်
စက်ဆိုတာ အပူလုံတဲ့ သေတ္တာတစ်လုံးပဲ" ဆို
တဲ့စာကြောင်းလေးကို ဖတ်လိုက်မိတယ်။ ဒါနဲ့
အဆောင်က အသားတိုအသားစတွေနဲ့ ကြက်
ဥဖေါက်စက် လုပ်လိုက်တယ်။ watt အမျိုးမျိုး
ရှိတဲ့ မီးသီး ၇-လုံး သာမိုမီတာလေးတစ်ခုနဲ့
ကြက်တွေဖေါက်လိုက်တာ အချိန်တန်တော့
ကြက်တွပေါက်လာတော့တာပေါ့။ ကိုယ်တိုင်
မီးပေး ဆေးထိုး ကြက်အကောင် ၁၅၀ မွေးလိုက်
သေးတာ။ မွေးတဲ့နေရာက မီးဖိုဆောင်နဲ့ လွှစာ ဂိုဒေါင်ကြား နေရာမှာပေါ့။ Botany ဆိုတော့ field ဆင်းရတယ်လေ။ ပစ်ပစ်ထားခဲ့ရတာမို့ နောက်တော့ မမွေးတော့ဘူး။ မမွေးတော့တာမို့ ကြက်ခြံလည်းဖျက်လိုက်တာပေါ့။
အဆောင်က နေ့စဉ်ဈေးသွားရတယ်။ မြင်းလှည်း
နဲ့ သွားရတာ။ ဈေးကပြန်လာတော့ မြက်းလှည်း
ဆရာက ချက်ချက်းပြန်မသွားဘူး။ မီးဖိုဆောင်မှာ
ကူညီချက်ပြုတ်။ ရိက္ခာဂိုဒေါင်မှာ အဆောင်အ တွက် ဆန်ဆီ နို့ဆီသကြား ဒါတွေသွားထုတ်
ရင်လည်း ဒီမြင်းလှည်းပဲ သုံးရတာ။ အဆောင်မှာ
မြက်းလှည်းနားတော့ မြင်းလှည်းဆရာက မြင်းကို
အဲ့ဒီ ကြက်ခြံဖျက်ထားတဲ့နေရာမှာ ချည်ထားပြန်
ကော။ ဒီတော့ ဒီနေရာဟာ ကြက်ချေးတွေကော
မြင်းချေးတွေကော ရှိနေတဲ့နေရာပေါ့။
နောက်ပိုင်း မှိုပုံတွေ ခွေးဖျက် နွားဖျက် ဖျက်တာ နဲ့ မှိုစိုက်တဲ့နရာက ဒီ ကြက်မွေး မြင်းချည်တဲ့
မီးဖိုဆောင်နဲ့ လွှစာဂိုဒေါင်ကြား ရောက်လာခဲ့ တော့တာပေါ့။ မြင်းလှည်းဆရာကိုတော့ ခင်ဗျား
မြင်း တခြားနေရာ ချည်ပေး ပြောရတာပေါ့။ သေသေချာချာတွေးကြည့်တော့ သူ မြင်းချည် တဲ့နေရာကို ပြောင်းခိုင်းတာဟာ အဆောင်က
ဆရာဆိုပြီး လူပေါ်လူဇော် လုပ်လိုက်တာပါပဲ။
အဲဒီနေရာ မှိုစစိုက်တော့ မှိုတွေက အရင် တခြား
နေရာတွေတုံးကထက် ပိုထွက် မှိုလုံးကြီးတွေက
အကြီးကြီးတွေပေါ့။ ဆရာကြီး ဒေါက်တာတင်မြင့်
ကိုပြောပြတော့ ဆရာက သူ နိုင်ငံခြားမှာ Agaricus မျိုးစုဝင် မှိုတွေကို မြင်းချေးတွေနဲ့
စိုက်တာ မြင်ဘူးကြောင်း ပြောပြလာတယ်။
ဒါနဲ့ပဲ နောက်ထပ် မှိုစိုက်တော့ မြင်းချေးတွေ
ထည့်ထည့်စိုက်တော့တာပေါ့။
မှိုမျိုးပုလင်း လာဝယ်သူတွေကိုလည်း မြင်းချေး
ထည့်စိုက် မှိုပိုထွက်တယ်။ အကြီးကြီးတွေပဲ
ဆိုပြီး မြင်းချေးတွေ ထည့်စိုက်ထားတာတွေ
ခေါ်ခေါ်ပြရတာအမော။ ဒါနဲ့ သူတို့လည်း အားကျ
ပြီး မြင်းချေးတွေထည့်ထည့်စိုက်လာတာ အဲဒီ ခေတ်က မြင်းချေးတွေကို အရောင်းအဝယ်ဖြစ်
လိုက်သေးတယ်။ နွေရာသီရောက်လာတော့
ရာသီဥတုကပူ မြင်းချေးတွေကပူနဲ့ ထွက်လာ တဲ့မှိုတွေ အပူလောင်ပြီး ပျက်ဆီးကုန်ကြတယ်။
မြင်းချေးက သိပ်ပူတယ်။ သူ့အစား နွားချေးထည့်
ရင်ကော ရမှာပဲ ဆိုပြီး နွားချေးတွေ ထည့်စိုက်ပြန်
တယ်။
ဒီလိုနဲ့ ကောက်ရိုးမှိုစိုက်တဲ့နေရာမှာ မြင်းချေး
နွားချေးတွေ ထည့်ထည့်စိုက်တဲ့ ဖြစ်စဉ်ပေါ်လာ တော့တာ။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရ
တာ နွားချေးထည့်စိုက်တာ မန္တလေး ပုသိမ်ကြီး တောင်သူတွေ စခဲ့တာ ဆိုပါလား။ ဒါက ရယ်စရာ
ဖြစ်စဉ်တစ်ခုပဲ။ မှိုမျိုးတွေ နိုင်ငံတော်က ကျွန်
တော်က စမရောင်းပေးခင် အဲ့ဒီ ပုသိမ်ကြီး ပုသိမ်ကလေး ကြာနီကန် နတ်စိမ်း ကစ ဟိုး မတ္တရာအထိဘယ်သူမှ မှိုမစိုက်ဘူး။ မျိုးနဲ့ မှို စစိုက်တာက နန်းရှေ့က ကျောင်းဆရာ။ ဒီကမှ အဲ့ရွာတွေရောက်တာ။ ပုသိမ်ကြီးကစ အစဉ်အ ဆက် နွားချေးနဲ့ စိုက်ခဲ့တာဆိုတာ အဖြစ်မှန်နဲ့ လွဲနေပြီ။ တော်တော့်ကို ရယ်စရာပဲ။
(ကောက်ရိုးမှိုစိုက်တာမှာ မြင်းချေး နောက်ပိုင်း နွားချေး ထည့်စိုက်တာအစ မန္တလေးတက္ကသိုလ် နဒီကျောင်းဆောက်က) မှတ်ထား။
အဲဒီအချိန်တုံးက ကျွန်တော် မှိုမျိုးတွေကို ပုလင်း တွေနဲ့လုပ်တာ။ ဆေးရုံကြီးမှာ သွေးပုလင်း တစ်လုံး ၁၀-ပြား။ အဆောင်ရောက်တော့ အဲ့ထဲ က သွေးတွေသွန်။ ရေဆေး မျိုးပွားစာထည့် အဆောင်က မိုးဗြဲဒယ်အလွတ်ကြီးနဲ့ ပုလင်းတွေ ကိုပေါင်းပေါ့။ AIDS ဆိုတာလည်း မကြားဖူးသေး
တော့ သွေးပုလင်းတွေရေဆေးရတာ လက်ရှမိ ပေမဲ့ မကြောက်ခဲ့ဘူး။
အဲ့ချိန်ရောက်တော့ အစိုးရ စိုက်ပျိုးရေးဌာနက
လည်း ကောက်ရိုးမှို စလုပ်လာပြီ။ သူတို့က ပုလင်းအရှည်ကြီးတွေနဲ့ လုပ်ရောင်းတာ။
တင်လဲရည်ပုလင်းလို့ခေါ်တဲ့ ပုလင်းတွေပေါ့။
မန္တလေးတောင်ခြေ မြင်းပြိုင်ကွင်းကြီးထဲ လွတ်
လပ်ရေးနေ့ ပြည် ထောင်စုနေ့ ပြခန်းတွေ ပြ
တော့ သူတို့က မှိုစိုက်တာတွေပြတယ်။ အခါရာ သီမဟုတ် ဆိုပြီး အများစုက စိတ်မဝင်စားကြ
ဘူး။ စိတ်ဝင်သားတဲ့လူက စစ်ကိုင်း GE တပ်က
တပ်ရင်းမှူးနဲ့ မန္တလေးနန်းရှေ့က ကျောင်းဆရာ
ဦးဝင်းမောင်ပေါ့။ သူတို့က စိတ်ဝင်တစားနဲ့
စိုက်ချင်တယ်ဆိုတော့ စိုက်ပျိုးရေးမှာက မျိုးမရှိ။
ဒါနဲ့ နဒီဆောင် ကျွန်တော့်ဆီသွား ဆိုပြီး လွှတ် လိုက်တော့ ရောက်လာတော့တာပေါ့။
စစချင်းရောင်းရတာက GE တပ်က တပ်ရင်းမှူး
၅-ပုလင်းရောင်းရတယ်။ ပျော်လိုက်တာမှ။
ခု ခင်ဗျားတို့ မျိုးထုတ် ငါးထောင်ရောင်းရတာ
ထက်သာတယ်။ နောက်လာဝယ်တဲ့ ကျောင်း
ဆရာက နှစ်ပုလင်းပဲရတော့တယ်။
အဆောင်မှူး ဆရာဦးမောင်မောင်မြင့်က မင်း မျိုးလုပ်ရောင်း ဒါ နိုင်ငံမှာ ခုမှ စလုပ်တာ။ အစိုးရ
ကလည်းလုပ်နေပြီ။ ဖွံ့ဖြိုးလာမှာ သေချာတယ်။ ကြီးပွါးနိုင်တယ် မင်း ကြိုးစား ဆိုလာသမို့
အဲဒီ သွေးပုလင်းတွေ ဝယ်ဝယ်လုပ်လိုက်တာ
လက်မှာလည်း ပုလင်းဖုံးစူးလို့ သွေးထွက်ရတာ
နဲ့ ပုလင်းကွဲရှလို့ တက္ကသိုလ်ဆေးရုံ ပြေးရတာနဲ့
အကြိမ်ကြိမ်ပါပဲ။
ဆရာပြောခဲ့တဲ့အတိုင်း ဒီ မှိုလုပ်ငန်းဟာ နိုင်ငံ
မှာ အတော်ကြီးကို ကျယ်ပြန့်လာခဲ့ပါပြီ။ ကြီးပွါး
ချမ်းသာသူတွေလည်း ဒုနဲ့ဒယ်နဲ့ကို ချမ်းသာသွား
ကြပြီ။ ဆရာပြောခဲ့တဲ့စကား သိပ်မှန်တယ်။ တစ်ခုပဲ အဲ့ ကြီးပွါး ချမ်းသာသွားကြသူတွေထဲမှာ
ကျွန်တော်မပါဘူး။ ကြီးပွါးချမ်းသာဖို့ဆိုတာက
မှိုပညာ mycology တစ်ခုတည်းနဲ့ မရဘူး။ စိုက်တတ်ပျိုးတတ်တာ တစ်ခုတည်းနဲ့ မရဘူး။ ရောင်းတတ် ဝယ်တတ် စီးပွါးရေးအမြင် အတတ် ပညာလည်းရှိမှ။
= * = * =* = * =
#crd

Comments
Post a Comment